ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် (၂၂) ကြိမ်မြောက် ဝါတွင်းကာလ အရုဏ်ဆွမ်း ဆက်ကပ်လောင်းလှူပူဇော်ပွဲသို့ တက်ရောက်၍ အရုဏ်ဆွမ်းများဆက်ကပ်လောင်းလှူ

ပုသိမ် ဇူလိုင် ၃၁

(၂၂) ကြိမ်မြောက် ဝါတွင်းအရုဏ်ဆွမ်း ဆက်ကပ်လောင်းလှူပူဇော်ပွဲကို ယနေ့နံနက်(၄) နာရီအချိန်က ပုသိမ်မြို့၊ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ်ရှိ ဝိသာခါ ဓမ္မာရုံတွင် ကျင်းပခဲ့ရာ အရုဏ်ဆွမ်းဆက်ကပ် လောင်းလှူပူဇော်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဌာဆိုင်ရာများ တက်ရောက်၍ အရုဏ်ဆွမ်းများ လောင်းလှူခဲ့ကြသည်။

ဦးစွာ ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက်(၁၆၁)တိုက်တွင် ဝါဆိုဝါကပ်တော်မူပြီး အရုဏ်ဆွမ်းခံ ကြွရောက်တော်မူလာကြကုန်သော သံဃာတော်အရှင်သူမြတ်(၂၃၇၃)ပါးတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်အမှူးပြုသော စေတနာရှင်အလှူရှင်များက အရုဏ်ဆွမ်းများ ဆက်ကပ်လောင်းလှူခဲ့ကြသည်။ ယင်းနောက် ဝါတွင်းကာလ အရုဏ်ဆွမ်းဆက်ကပ်လောင်းလှူ ပူဇော်ပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားဆက်လက်ပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက်၏ ပဓာနနာယကဆရာတော် (အဘိဓဇမဟာ ရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ ) ဘဒ္ဒန္တဝိဿုတ အရှင်သူမြတ်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား နာယူ ကြည်ညိုကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ဆွမ်းအာဟာရအလှူရှင်အား မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော်ဆောင် အဖွဲ့ဥက္ကဋ္ဌက အနုမောဒနာဂုဏ်ပြုလွှာ ပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီး သံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသောဘိတမဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီးနောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲဝင်ဝန်ကြီးများက အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

31-Jul-2026