ပုသိမ်မြို့၌ (၇၄) ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် သီလရှင်ဝတ်စုံ လှူဒါန်းခြင်း ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ
ပုသိမ် ဇူလိုင် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌော မဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ ဦးမောင်ကြီးအာရုံခံတန်ဆောင်း၌ ယနေ့နံနက် ပိုင်းက ၁၃၈၈ ခုနှစ်၊ (၇၄)ကြိမ်မြောက် ပုသိမ်မြို့လုံးကျွတ် ဝါဆိုသင်္ကန်း ကပ်လှူခြင်းနှင့် သီလရှင်ဝတ်စုံလှူဒါန်းခြင်း ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ဦးမောင်ကြီးအာရုံခံ တန်ဆောင်းရှိ ရုပ်ပွားတော်မြတ်အား ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူပူဇော်ခဲ့ကြပြီး အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီး များအား မွန်းလတ်ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် အခမ်းအနားကို ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ဧည့်ပရိသတ်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်ဩဝါဒါ စရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိစာသင်တိုက်၏ ပဓာနနာယဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက) ဘဒ္ဒန္တဝိဿုတမဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော ပရိတ်တရား တော်များအား ဆက်လက်နာယူကြည်ညိုခဲ့ကြကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချူပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သင်္ကန်း၊ နဝကမ္မဝတ္ထုငွေ၊ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့်ဆေးဝါးအစရှိသည့် လှူဖွယ်ဝတ္ထုပစ္စည်းများအားလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးနှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ဇနီးတို့က သီလရှင်ဆရာကြီးများအား သီလရှင်ဝတ်စုံ၊ နဝကမ္မဝတ္ထုငွေ၊ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ဆေးဝါး အစရှိသည့် လှူဖွယ်ဝတ္ထု ပစ္စည်းများအားလည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသောဘိတမဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်များက အနုမောဒနာ တရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြ ပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။