ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြုဆွေးနွေးပွဲ (၅/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်
ပုသိမ် ဇူလိုင် ၃၀
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမတွင်ပြုလုပ်သည့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ အတွက် အရည်အသွေးမြှင့်အထောက်အကူပြုဆွေးနွေးပွဲ (၅/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဦးစွာ သင်တန်းသား၊ သင်တန်းသူများက“ကြိုဆိုလက်ကမ်း ကံ့ကော်တန်း”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုသင်တန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်ထားပြီး ပုသိမ်ပညာရေး ဒီဂရီကောလိပ်တွင် ဆရာမ(၁၂၃)ဦး တက်ရောက် သင်ယူခဲ့ကြပါကြောင်း၊ ကလေးသူငယ် နှင့် ကျောင်းသားများ၏ ဘာသာစကားနှင့်ဘာသာရပ်ဆိုင်ရာ တတ်မြောက်မှုစွမ်းရည်များ ဖွံ့ဖြိုးရေးနှင့်လူတိုင်းအကျုံးဝင် ပညာရေးချဉ်းကပ်မှုကို ကောင်းစွာအထောက်အပံ့ ဖြစ်စေရန်အတွက် တိုင်းရင်းသားဘာသာ စာပေသင်ကြားပို့ချပေးနေသည့် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါသည့် နေရာတွင် ရှိနေ ပါကြောင်း၊ သင်တန်းမှ ပို့ချချက်များကို နားထောင်ရုံနှင့်မပြီးဘဲ အတွေ့အကြုံများကို အချင်းချင်း ဖလှယ်ဆွေးနွေးပြီး မိမိတာဝန်ကျရာကျောင်းများတွင် လက်တွေ့အသုံးချနိုင်မည့် နည်းလမ်းကောင်းများကို အတူတကွရှာဖွေသင်ယူကြသည့် သင်ယူရေးကွန်ယက် တစ်ခုလည်းဖြစ်ပါ ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် စိတ်ပါဝင်စားစွာ သင်ယူခဲ့ကြ၊ မေးမြန်းဆွေးနွေးခဲ့ကြသည့် သင်တန်းကရရှိသည့် အသိပညာနှင့် အတွေ့အကြုံများကို မိမိတို့၏ သင်ကြားရေးလုပ်ငန်းများတွင် ပြန်လည်အသုံးချပြီး ကလေးငယ်များ၏ သင်ယူမှုကို ပိုမို ထိရောက်အောင် ဆောင်ရွက်ပေးကြရန်” ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့က သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး တိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကာ ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။