ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဧရာဝတီတိုင်းဒေသကြီး စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်“ ဧရာဝတီစားဆီဖူလုံဖို့ ဝိုင်းဝန်းကြိုးပမ်းကြပါစို့” ခေါင်းစဉ်ဖြင့်ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတက်ရောက်
ပုသိမ် ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုး လာစေရန်နှင့် စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းများ ရှာဖွေဖော်ထုတ်ကာ တန်ဖိုးကွင်းဆက်တစ်လျောက် အားပေးမြှင့်တင်ရန်ရည်ရွယ်၍ “ဧရာဝတီစားဆီဖူလုံဖို့ ဝိုင်းဝန်း ကြိုးပမ်းကြပါစို့”ခေါင်းစဉ်ဖြင့် စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး ဌာနဆိုင်ရာများ၊ ပညာရှင်များ၊ ဆီစက်လုပ်ငန်းရှင်များနှင့် တောင်သူများက ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးသည် “မြန်မာနိုင်ငံ၏ စပါးကျီ”ဟူ၍ တင်စားခေါ်ဝေါ်ရလောက်အောင် ဆန်စပါးကို ဖူလုံပိုလျှံစွာ စိုက်ပျိုးထုတ်လုပ် နိုင်သော်လည်း စားဆီဖူလုံမှုမရှိသေးသည့် ဒေသတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီး အတွင်း စားဆီဖူလုံမှုရရှိအောင် ရည်မှန်းချက်ထားကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရာတွင် တောင်သူများအတွက် လိုအပ်သည့် မျိုးကောင်း၊ မျိုးသန့်များရရှိရေး၊ အရည်အသွေးပြည့်ဝသည့် သွင်းအားစုများ ထည့်သွင်းအသုံးပြုနိုင်ရေးနှင့် ထွက်ရှိလာသည့် ဆီထွက်သီးနှံများကို ဈေးကွက်သေချာမှုရှိပြီး အကျိုးအမြတ်နှင့် စီးပွားရေး တွက်ချေကိုက်မှုရှိသည့် ဈေးနှုန်းများရရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေး ပွဲတွင် တောင်သူများ၊ လုပ်ငန်းရှင်များ၊ ဆီကုန်သည်များ၊ ဆီစက်ပိုင်ရှင်များ၊ ဌာနဆိုင်ရာများ အားလုံးပါဝင်ပြီး စကားဝိုင်းဆွေးနွေးပွဲများ၊ အုပ်စုလိုက်ဆွေးနွေးခြင်းများ ပါဝင်သည့်အတွက် စားသုံးဆီဖူလုံရေးတွင်ပါဝင်သည့် ကဏ္ဍတစ်ခုချင်းစီ၏ အခက်အခဲများ၊ လိုအပ်ချက်များ၊ အားနည်းချက်၊ အားသာချက်များအားလုံးကို ဖော်ထုတ်ဆွေးနွေး အကြံပြုရန်လိုပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးကာ အောင်မြင်ဖြစ်ထွန်းပြီး ကျန်းမာရေးအလေးပေးသည့် စားသုံးဆီအလုံအလောက် ထုတ်လုပ်သွားနိုင်ရုံသာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ“ဧရာဝတီစားဆီဖူလုံဖို့ ဝိုင်းဝန်းကြိုးပမ်းကြပါစို့”ဟု တိုက်တွန်း ပြောကြားသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ ပထမပိုင်းကိုပြုလုပ်ရာ စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နှင့်ပတ်သက်၍ မျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်ပျိုးမှုနှင့် နည်းပညာများပံ့ပိုးပေးနိုင်မှု အခြေအနေများကို မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌကလည်းကောင်း၊ ဒေသတွင်း စားဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိူးထုတ်လုပ်မှု၏ စိန်ခေါ်မှုများနှင့် ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးကလည်းကောင်း၊ ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်မှု၊ လျာထားဧကပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် မြေစာရင်း ဦးစီးဌာန၊ တိုင်းဦးစီးမှူးကလည်းကောင်း ဆွေးနွေးပြီးနောက် စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး Video Clip ကိုပြသခဲ့သည်။ ဆက်လက်၍ အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော စားဆီထုတ်လုပ်နိုင်ရေးတို့အတွက် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးကလည်းကောင်း၊ ဆီထွက်သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် ပိုးသတ်ဆေးဓာတ်ကြွင်း အာနိသင်လျော့ချရေးနည်းလမ်းများကို စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာခင်ခင်မာလာမြင့် ကလည်းကောင်း၊ GAPလုပ်ငန်းစဉ်နှင့်အညီ ဆီထွက်သီးနှံများစိုက်ပျိုးထုတ်လုပ်ခြင်းကို စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါက်တာဝဏ္ဏထွန်း ကလည်းကောင်း၊ စားဆီမူဝါဒ၊ တင်သွင်းမှုနှင့် ပြည်တွင်းစားဆီဈေးနှုန်း ဖြစ်ပေါ်မှုအခြေအနေများကို စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးကလည်းကောင်း ဆွေးနွေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စပ်မျိုးနေကြာ(Hybrid)နှင့်ဒေသမျိုးများကို ထွက်နှုန်းနှင့် ဆီပါဝင်မှု နှိုင်းယှဉ်ပြသမှု၊ ဒေသအသီးသီးမှ ရယူထားသော မြေဆီလွှာနမူနာများ၏ pH (မြေချဉ်/ငန်ကိန်း)နှင့် ရေထိန်းနိုင်စွမ်းပမာဏကို လက်တွေ့စမ်းသပ်ပြခြင်းကို ကြည့်ရှု အားပေးပြီး သိရှိလိုသည်များကိုမေးမြန်းခဲ့သည်။
ဆက်လက်၍ ဆွေးနွေးပွဲဒုတိယပိုင်းကိုပြုလုပ်ရာ စိုက်ပျိုးရေးပညာရှင်များ၊ မြန်မာ့ ကုန်သွယ် မှုမြှင့်တင်ရေးအဖွဲ့တာဝန်ခံ၊ ဒေသတွင်းဆီစက်လုပ်ငန်းရှင်၊ ဆီထွက်သီးနှံစိုက် တောင်သူ၊ လယ်ယာထွက်ကုန်အရည်အသွေးကျွမ်းကျင်သူတို့က စပါးကြိတ်ခွဲမှုများမှ ထွက်ရှိ လာသည့် ဖွဲနုများမှ ဖွဲနုဆီများထုတ်လုပ်နိုင်ရေး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ် စိုက်ပျိုးမှုများ ပိုမိုတိုးတက်လာစေရေး၊ မျိုးကောင်းမျိုးသန့်များရရှိရေးနှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ အရည်အသွေးပြည့်မီသည့် ဆီများကြိတ်ခွဲထုတ်လုပ်နိုင်စေရေး၊ ဆီထွက်သီးနှံများ စိုက်ပျိုး ထုတ်လုပ်ရာတွင် ပိုးသတ်ဆေးဓာတ်ကြွင်း အာနိသင်လျော့ချရေးနည်းလမ်းများအား စကားဝိုင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူ များက ပြန်လည်ဖြေကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့သည့် ပညာရှင်များ၊ တောင်သူများနှင့် စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ပူးပေါင်းကူညီဆောင်ရွက်ခဲ့သည့် Good Brothers Company မှ တာဝန်ရှိသူ တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပါသည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက ခရိုင်အလိုက် အုပ်စု(၈)ခုခွဲခြား၍ အုပ်စုအလိုက် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုများ၊ မျိုး၊ သွင်းအားစုရယူသုံးစွဲမည့် အခြေ အနေများ၊ ဆီထွက်သီးနှံရောင်းချနိုင်မှုအခြေအနေများ၊ ဆီစက်များမှဝယ်ယူကြိတ်ခွဲမှု၊ ဈေးကွက် နှင့် ဈေးနှုန်းအခြေအနေများကို စကားဝိုင်းဆွေးနွေးနေမှုများကို လိုက်လံအားပေးခဲ့ပြီး စွမ်းအင် ချွေတာနိုင်သော အသေးစား ဆီညှစ်စက်(Screw Press Oil Expeller)ဖြင့် မြေပဲဆီကြိတ်ခွဲမှုအား ကုမ္ပဏီမှ သရုပ်ပြသမှုကို ကြည့်ရှုအားပေးခဲ့သည်။