ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ချောင်းသာမြို့၊ ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး
ပုသိမ် ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ချောင်းသာမြို့၊ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသနေသည့်လူနာများအား အားပေးစကားများ ပြောကြားခဲ့ပြီး ခွဲစိတ်ခန်းများ၊ ဆေးသိုလှောင်ရုံများ ကိုကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံအထောက်အကူပြုအဖွဲ့များနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဆေးရုံနှင့်ဆေးရုံဝန်းသန့်ရှင်းသာယာလှပရေးသည်လည်း အရေးကြီးပါကြောင်း၊ မိမိတို့ဆေးရုံ ပျက်စီးမှုများမဖြစ်ပေါ်စေရန်နှင့် ရေရှည်တည်တံ့စေရန် ထိန်းသိမ်းစောင့်ရှောက်ရန်လိုပါကြောင်း၊ ဆေးဝါးများ စနစ်တကျထားရှိစေရေးနှင့် အလွဲသုံးမှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်လိုပါကြောင်း၊ လူနာများအား ပြုစုစောင့်ရှောက်ရာတွင် စေတနာ ပါပါဖြင့် ဆောင်ရွက်ပေးရန်လိုပါကြောင်း၊ ဆေးရုံအထောက်အကူပြုအဖွဲ့များ၊ မြို့မိမြို့ဖများ၊ တာဝန်ရှိသူများအနေဖြင့် နွမ်းပါးလူနာများ ဆေးရုံတက်ရောက်ကုသရာတွင် အခက်အခဲမရှိစေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုပါကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ကုသမှုခံယူနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ လိုအပ်ချက်များ ရှိပါကလည်း တင်ပြပေးစေလိုကြောင်း” ပြောကြားခဲ့ပြီး တင်ပြချက်များအပေါ် သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။