ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်အား မီးလင်းဂျိုင် (၁၃၉ဝ)မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့ ရည်နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံမှ ဓာတ်အားလိုင်းသွယ်တန်းခြင်းစီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်းစဉ်၏ လေ့လာတွေ့ရှိချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ
ပုသိမ် ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ မီးလင်းဂျိုင် (၁၃၉ဝ)မဂ္ဂါဝပ် LNG သုံး သဘာဝဓာတ်ငွေ့ရည်နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံမှ ဓာတ်အားလိုင်း သွယ်တန်းခြင်း စီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းစဉ်၏ လေ့လာ တွေ့ရှိချက်များနှင့် ပတ်သက်၍ Unique Environment Myanmar Co.,Ltd က တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)တွင် ယနေ့မွန်းလွဲ ပိုင်းက လာရောက်ရှင်းလင်းတင်ပြခဲ့သည်။
ဦးစွာ ကုမ္ပဏီတာဝန်ရှိသူများက မီးလင်းဂျိုင်ဒေသမှ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်ရှိ လှိုင်သာယာပင်မဓာတ်အားခွဲရုံအထိ (၁၈၉) ကီလိုမီတာရှည် (၅၀၀) ကေဗွီ ဓာတ်အားလိုင်း၊ မီးလင်းဂျိုင်မှ အသုတ်ဓာတ်အားခွဲရုံအထိ (၆၉ ဒသမ ၉) ကီလိုမီတာရှည် (၂၃၀) ကေဗွီဓာတ်အားလိုင်းများ ဓာတ်အားလိုင်းသွယ်တန်းခြင်း စီမံကိန်းအတွက် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ စီမံကိန်းသက်ရောက်မှု ရှိနိုင်သည့် ဧရိယာ အဖြစ်သတ်မှတ်၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လလာမှုလုပ်ငန်းစဉ်တွင် လေထု၊ မြေ၊ ရေ အရည်အသွေးတိုင်းတာခြင်း၊ ဆူညံသံ၊ တုန်ခါမှုတိုင်းတာခြင်း၊ ဇီဝမျိုးစုံ မျိုးကွဲများဆိုင်ရာ လေ့လာခြင်း၊ လူမှုစီးပွားဆိုင်ရာ အခြေခံအချက်များကောက်ယူခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းနှင့် လျော့ပါးစေရေး နည်းလမ်းများ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် ရှေ့ဆက်ဆောင်ရွက်ရန်များရှင်းလင်း တင်ပြသည်။
ထို့နောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပြီး ထိုကဲ့သို့ ရှင်းလင်းတင်ပြချက်များနှင့် သက်ဆိုင်ရာဌာနများ၏ ဆွေးနွေးတင်ပြ ချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုကဲ့သို့ ရွှေသောင်ယံမြို့၊ မီးလင်းဂျိုင် ဒေသတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် (၁၃၉ဝ)မဂ္ဂါဝပ် LNG သုံး ဓာတ်အားပေး စက်ရုံတည်ဆောက်သွားမည်ဖြစ်သောကြောင့် စီမံကိန်းလုပ်ငန်းများပြီးစီးပါက နိုင်ငံတော်နှင့် တိုင်းဒေသကြီးအတွက် များစွာအကျိုးရှိသည့် စီမံကိန်းကြီးတစ်ခု ဖြစ်ပါကြောင်း၊ ကြီးမားသည့်စီမံကိန်းကြီးဖြစ်၍ ကဏ္ဍတစ်ခုခြင်းအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ကြ ရမှာဖြစ်ပါကြောင်း၊ လုပ်ငန်းဆိုင်ရာ စိန်ခေါ်မှုများကိုလည်း ပူးပေါင်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ မိမိတို့အစိုးရအဖွဲ့နှင့် စဉ်ဆက်မပြက်ထိတွေ့ဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များ ကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း”ပြောကြားခဲ့ သည်။ အဆိုပါ မီးလင်းဂျိုင်စီမံကိန်းသည် နိုင်ငံအဝှမ်း ဓာတ်အားစနစ်ကွန်ယက်မှ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးမှု ၁၀၀ ရာခိုင်နှုန်းသို့ ရောက်ရှိရန် အတွက် အမျိုးသားအဆင့် အဓိကကျသော စီမံကိန်းတစ်ခုဖြစ်ကာ နိုင်ငံတော်ဓာတ်အားစနစ် တည်ငြိမ်မှုရှိစေရန် ခိုင်မြဲသောထုတ်လုပ် နိုင်စွမ်းအား ( Base Load Frim Poewr) ကို သက်သာသည့် ဓာတ်အားခနှုန်းထားဖြင့် ထုတ်လုပ်ပေးနိုင်မည့် စီမံကိန်းဖြစ်ပြီး ယနေ့အထိ စီမံကိန်းလုပ်ငန်းများ ၂၄.၄ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်၍ ရာနှုန်းပြည့် ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။