ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မြို့အဝင်ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားများ တက်ရောက်ဖွင့်လှစ်
ပုသိမ် ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ် ကားလမ်းဘေး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့ WELCOME TO KANGYIDAUNT ဆိုင်းဘုတ်ဖွင့်ပွဲ၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့ WELCOME TO KYAUNGGON ဆိုင်းဘုတ်ဖွင့်ပွဲ၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ WE LOVE NYAUNGDONE ဆိုင်းဘုတ်ဖွင့်ပွဲနှင့် မအူပင်ခရိုင်၊ မအူပင်မြို့ “ သာယာစိုပြည် မအူပင်မြေ”၊ WE LOVE MAUBIN ၊ “စိတ်ထားဖြူစင် မအူပင်” ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားများအား တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ မြို့အဝင်ဆိုင်းဘုတ်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မအူပင်မြို့ တိုးဧရာပန်းခြံသို့သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက အပန်းဖြေ အနားယူနိုင်ရန်နှင့် ကလေးကစားကွင်းများ၊ ပျော်ပွဲရွှင်ပွဲများပြုလုပ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားမှုများကိုရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အများပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေအနားယူနိုင်ရေး၊ ပန်းခြံသန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေးနှင့် အမှိုက်စွန့်ပစ်မှုများစနစ်တကျရှိစေရေး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။