ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မအူပင်မြို့ပြည်သူ့ဆေးရုံတို့အား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များဆောင်ရွက်ပေး

ပုသိမ် ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် မအူပင်မြို့၊ ခုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိ၍ ဓာတ်ခွဲခန်း၊ သွေးလှူဘဏ်ခွဲ၊ ဓာတ်မှန်ဌာန၊ ပြင်ပလူနာ ကုသဆောင်၊ သားဖွားနှင့်မီးယပ်ဆောင်၊ ထိခိုက်ဒဏ်ရာနှင့် အရိုးအကြောခွဲစိတ်ဆောင်နှင့် ခွဲစိတ်ဆောင်များကိုကြည့်ရှု၍ ဆေးရုံတက်ရောက်ကုသနေသည့်လူနာများအား အားပေးစကားများ ပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ယင်းနောက် ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံအထောက်အကူပြုအဖွဲ့များနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးလွှတ်တော်တို့က ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆေးရုံအထောက်အကူပြုအဖွဲ့များ၊ မြို့မိမြို့ဖများ၊ တာဝန်ရှိသူများအနေဖြင့် နွမ်းပါးလူနာများ ဆေးရုံတက်ရောက်ကုသရာတွင် အခက်အခဲမရှိစေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုပါကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် ကုသမှုခံယူနိုင်ရေး ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ လူနာများကို နွေးထွေးစွာကြိုဆို၍ စေတနာဖြင့်ကုသပေးရမည်ဖြစ်ပါကြောင်း၊ လိုအပ်ချက်များရှိပါကလည်း တင်ပြပေးစေလိုကြောင်း” ပြောကြားခဲ့သည်။ ထို့နောက် မအူပင်မြို့ ပြည်သူ့ဆေးရုံအုပ်ကြီးက မအူပင်မြို့ပြည်သူ့ဆေးရုံကြီး၏ လုပ်ငန်းဆောင်ရွက်မှုများကိုလည်းကောင်း၊ ဆေးရုံအထောက်အကူပြုအဖွဲ့က လုပ်ငန်းဆောင်ရွက်ချက်များနှင့် လိုအပ်သည်များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်စပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

23-Jul-2026