ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ညောင်တုန်းမြို့ပြည်သူ့ဆေးရုံအားကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဆောင်ရွက်ပေး
ပုသိမ် ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ညောင်တုန်းမြို့ပြည်သူ့ဆေးရုံနှင့်မအူပင်မြို့ပြည်သူ့ဆေးရုံတို့အားကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံတာဝန်ရှိသူများ၏ တင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ် (၅၀) ခုတင်ဆံ့ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသနေသည့်လူနာများအား အားပေးစကားများ ပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံအထောက်အကူပြုအဖွဲ့များနှင့် တွေ့ဆုံ၍ ဆေးရုံသန့်ရှင်းရေးစနစ်များ၊ သောက်ရေ၊ သုံးရေရရှိမှု၊ အမှိုက်သိမ်းစနစ်နှင့် လူနာများဆေးလာရောက်ကုသမှုအခြေအနေများ၊ အများသုံးသန့်စင်ခန်းများသန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် ဝန်ထမ်းအိမ်ရာရရှိမှုအခြေအနေများကို မေးမြန်းခဲ့ကာ လိုအပ်သည်များ တင်ပြမှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။