ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမွေးမြူရေးအခြေခံ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ်ဘီလီယံ ၁၀၀ ဘဏ္ဍာရေးပံ့ပိုးကူညီပေးမှုအပေါ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ဂုဏ်ပြုခြင်း

ပုသိမ် ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီးသည် မိမိတို့မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အဓိကအချက်အချာကျသော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် စားနပ်ရိက္ခာဖူလုံရေးတို့အတွက် အခြေခံအကျဆုံးဖြစ်သော အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) အားကောင်းမောင်းသန် ဖြစ်ထွန်းလာစေရန် အလွန်အရေးကြီးလှပါသည်။

၂။ ယခုကဲ့သို့ A Bank မှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမွေးမြူရေးအခြေခံ MSMEs လုပ်ငန်းများ စဉ်ဆက်မပြတ် တိုးတက်ပြန့်ပွားစေရန်နှင့် ဒေသခံလုပ်ငန်းရှင်များ၏ ကုန်ထုတ်လုပ်မှုကွင်းဆက်များ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ဘဏ္ဍာရေးပံ့ပိုးကူညီမှု ကျပ်ဘီလီယံ ၁၀၀ (၁၀၀ ဘီလီယံ) အား စာနာ ထောက်ထားစွာဖြင့် အထူးလျာထား သတ်မှတ်ပံ့ပိုးပေးခဲ့ခြင်းအပေါ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းနှင့် ဒေသခံပြည်သူများကိုယ်စား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

၃။ ဤဘဏ္ဍာရေးပံ့ပိုးမှုသည် ဒေသခံလယ်သမားများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် စိုက်ပျိုးမွေးမြူရေးအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန် (Value-Added Products) ထုတ်လုပ်သည့် အသေးစား၊ အလတ်စား လုပ်ငန်းရှင်များအတွက် လိုအပ်သော ရင်းနှီးမတည်ငွေများကို အချိန်မီရရှိစေပြီး ဒေသတွင်း လုပ်ငန်းခွင်များ ပိုမိုလည်ပတ်နိုင်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်အတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ယုံကြည်ပါသည်။

၄။ ပုသိမ်ဟိုတယ်တွင်ပြုလုပ်သော စိုက်ပျိုးမွေးမြူရေးအခြေခံ (MSMEs) ဖွံဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင်အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့သည့် A Bank ၏ စီမံခန့်ခွဲမှုအဖွဲ့နှင့် တကွ ဝန်ထမ်းများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် နောင်အနာဂတ်တွင်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အတူ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ယခုကဲ့သို့ လက်တွဲပူးပေါင်း ဆောင်ရွက်သွားနိုင်ပါရန် ဆန္ဒပြုလျက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

15-Jul-2026