ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ နေရာကွက်၍မိုးကြီးနိုင်သဖြင့် ပြည်သူများအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ မိုးလေဝသသတိပေးထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်
၂၀၂၆ ဇူလိုင် ၁၀
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ (၉-၇-၂၀၂၆) ရက်နေ့ (၀၈:၀၀) နာရီ အချိန် ထုတ်ပြန်သည့် “မိုးကြီးမည့်သတိပေးချက် အမှတ်စဉ်(၁ဝ/၂ဝ၂၆)” အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းလာနိုင်ခြင်းကြောင့် (၉-၇-၂ဝ၂၆) ရက်နေ့မှ (၁၇-၇-၂၁၂၆) ရက်နေ့အတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရှိရပါသည်။
ထို့အပြင် နိုင်ငံတကာမိုးလေဝသဝက်ဘ်ဆိုဒ်များမှ (၉-၇-၂၀၂၆) ရက်နေ့တွင် တွေ့ရှိရသည့် အချက် အလက်များအရ ဖိလစ်ပိုင်ပင်လယ်ပြင်တွင် တိုင်ဖွန်းမုန်တိုင်း “BAVI” ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ ရှိရပြီး ယင်းအကျိုးဆက်ကြောင့် ဧရာဝတီတိုင်းဒေသကြီး၌ နေရာကွက်၍ မိုးကြီးနိုင်ကာ ခန့်မှန်းအမြင့်ဆုံးမိုးရေချိန်အနေဖြင့် (၃)လက်မမှ(၇)လက်မအတွင်းရှိနိုင်ပါသည်။
ထို့အတူ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ (၉-၇-၂၀၂၆) မြစ်ရေအခြေနေ ခန့်မှန်းချက်များအရ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တွင်လည်းကောင်း၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့နှင့် ပုသိမ်မြို့တို့တွင်လည်းကောင်း၊ တိုးမြစ်ရေသည် မအူပင်မြို့တွင်လည်းကောင်း စိုးရိမ်ရေမှတ်အောက် (၅) ပေ အတွင်း ရောက်ရှိနေကြောင်း တွေ့ရှိရပါသည်။
လက်ရှိမြန်မာနိုင်ငံသည် မိုးလယ်ကာလသို့ ရောက်ရှိနေပြီး ဒေသအများအပြားတွင် မိုးရွာ သွန်းမှု အားကောင်းလျက်ရှိရာ မိုးရေချိန် ပုံမှန်နှင့်အထက် ပိုမိုရရှိနေသော ဒေသများတွင် မြေဆီလွှာ၏ ရေပြည့်ဝမှုအခြေအနေ (Soil Saturation Condition) မှာ ပုံမှန်ထက် မြင့်မားတတ်ပြီး နောက်ထပ် မိုးသည်းထန်စွာ ထပ်မံရွာသွန်းပါက အောက်ခံမြေဆီလွှာပျော့သော အခြေအနေရှိသည့် ဒေသများရှိတောင်စောင်းနှင့် ကုန်းမြင့်များတွင် မိုးရေကို စုပ်ယူထားနိုင်စွမ်း လျော့ကျလာပြီး မြေပြိုမှု ဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိတတ်ပါသည်။ ၎င်းအပြင် မြစ်ချောင်းများအတွင်း ရေဝင်ရောက်မှုပမာဏမြင့်တက်လာ သည်နှင့်အမျှ မြစ်ကမ်းပါးပြိုမှုများ ဖြစ်ပေါ်နိုင်ပြီး မြစ်ချောင်းအနီးဒေသများတွင်လည်း မြစ်ရေကြီးမှုများ ဖြစ်ပွားနိုင်ခြေမှာ မြင့်မားလာနိုင်ပါသည်။
သို့ဖြစ်ပါ၍ မိုးရွာသွန်းမှုများပြားနိုင်ခြင်းနှင့် မြစ်များမှာလည်း စိုးရိမ်ရေမှတ်များသို့ နီးကပ် နေသည့် အခြေအနေများတွင်ရှိခြင်းတို့ကြောင့် ကုန်းမြင့်တောင်စောင်းများတွင် မြေပြိုမှုများဖြစ်နိုင် ခြင်း၊ မြေနိမ့်ပိုင်းဒေသများသို့ ရေဝင်ရောက်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းအပါအဝင် ရေကြီးလျှံမှုအခြေအနေများ ဖြစ်ပေါ်လာနိုင်သည်ဖြစ်ရာ ပြည်သူများအျနဖြင့် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ မိုးလေဝသသတိပေးထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။