ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရက်(၁၀၀)စီမံကိန်းအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဇူလိုင် ၆

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်ရက်(၁၀၀) စီမံကိန်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေးစီမံကိန်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က "အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးလာပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသေးစား ကုန်ထုတ်လုပ်ငန်းများ ထူထောင်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများနှင့် မြို့ပြနေအခြေခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ဝင်ငွေတိုးပွားရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေကြသည့် ကျေးရွာကော်မတီခေါင်းဆောင်များနှင့် အဖွဲ့ဝင်များသည် မိမိနယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်စေရေး၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်စေရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်း အသစ်များ ပေါ်ထွန်းလာစေပြီး စဉ်ဆက်မပြတ် တည်တံ့ခိုင်မြဲစေရေးအတွက် ကြိုးစား ဆောင်ရွက်သွားကြရန်လိုပါကြောင်း၊ စီမံကိန်းကျေးရွာများမှ လုပ်ငန်းထူထောင်မည့်သူများ အနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် မိသားစု ဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်” ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ငပုတောမြို့နယ်၊ ရေကျော်အောက်စံပြကျေးရွာမှ စက်ချုပ်လုပ်ငန်းလုပ်ကိုင်မည့်သူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို လည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက လေးမျက်နှာမြို့နယ်၊ ပိန်းအင်းကျေးရွာအုပ်စု၊ ကြံတောစုကျေးရွာမှ မော်တော်ဆိုင်ကယ်ပြင်လုပ်ငန်းလုပ်ကိုင်မည့်သူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကိုလည်းကောင်း ပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက စီမံကိန်းလုပ်ငန်းများ အကြောင်း ရှင်းလင်းတင်ပြခဲ့ကာ သင်တန်းသားများကိုယ်စားလုပ်ငန်းထူထောင်မည့်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော် များသည် ခင်းကျင်းပြသထားသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။

06-Jul-2026