ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဒေသတွင်းလယ်ယာကဏ္ဍဖွံ့ဖြိုးမှု အထောက်အကူပြု ထုတ်ကုန်ပြပွဲ၊ နည်းပညာပြပွဲနှင့် Rice Export Zone စီမံချက် မိုးစပါးစိုက်ပျိုးရန် စိုက်ပျိုးစရိတ်ချေးငွေနှင့် သွင်းအားစုပေးအပ်ပွဲအခမ်းအနားတက်ရောက်
ပုသိမ် ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှု စခန်း၌ ဒေသတွင်းလယ်ယာကဏ္ဍဖွံ့ဖြိုးမှု အထောက်အကူပြု ထုတ်ကုန်ပြပွဲ၊ နည်းပညာပြပွဲနှင့် Rice Export Zone စီမံချက် မိုးစပါးစိုက်ပျိုးရန် စိုက်ပျိုးစရိတ်ချေးငွေနှင့် သွင်းအားစု ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ စိုက်ပျိုးစရိတ်ချေးငွေနှင့် သွင်းအားစုများ ပေးအပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဒေသတွင်းလယ်ယာ ကဏ္ဍဖွံ့ဖြိုးမှု အထောက်အကူပြု ထုတ်ကုန်ပြပွဲ၊ နည်းပညာပြပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “မိမိတို့ တိုင်းဒေသကြီး၏ စီးပွားရေးသည် လယ်ယာစိုက်ပျိုးရေးအပေါ် အဓိကအခြေခံသောကြောင့် ယခုကဲ့သို့ စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ပေးခြင်းသည် ဒေသခံတောင်သူဦးကြီးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် မရှိမဖြစ်လိုအပ်သည့်ခြေလှမ်းတစ်ရပ်ဖြစ်ပါကြောင်း၊ ဆန်စပါးကို ပြည်တွင်းဖူလုံရုံတင်မက ပြည်ပသို့ စနစ်တကျ တိုးမြှင့်တင်ပို့နိုင်ရန် ရည်ရွယ်သည့် "Rice Export Zone" စီမံချက်သည် ဒေသတွင်း အလားအလာကောင်းများကို ဖော်ဆောင်ပေးသည့်လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ ယနေ့ပြသထားသည့် ထုတ်ကုန်ပြပွဲနှင့် နည်းပညာပြပွဲများမှတစ်ဆင့် တောင်သူဦးကြီးများအနေဖြင့် မိမိတို့လယ်ယာလုပ်ငန်းခွင်တွင် ခေတ်မီပြီးထုတ်လုပ်မှုစွမ်းအားမြင့်မားသည့် နည်းပညာနှင့် စက်ကိရိယာများကို ပိုမိုသိရှိအသုံးချလာနိုင်မည်ဖြစ်ပါကြောင်း၊ မိုးစပါးရာသီအမီ စိုက်ပျိုးစရိတ်ချေးငွေများနှင့် လိုအပ်သည့် သွင်းအားစု (မြေဩဇာ၊ မျိုးစေ့) စသည်များကို ထောက်ပံ့ပေးအပ်ခြင်းသည် တောင်သူများအတွက် ရင်းနှီးမတည်ငွေ အခက်အခဲကို ဖြေရှင်းပေးရုံသာမက သီးနှံအထွက်နှုန်း ကောင်းမွန်ရန် အတွက် တိုက်ရိုက်အကျိုးပြုမည် ဖြစ်ပါကြောင်းနှင့် ဒေသတွင်းလယ်ယာကဏ္ဍ ရေရှည်ဖွံ့ဖြိုးရန် အတွက် အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် တောင်သူဦးကြီးများအားလုံး ဟန်ချက်ညီညီ၊ တက်ညီလက်ညီ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားကြရန်” ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ များ ဆွေးနွေးပြေကြားပြီးနောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌက လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် Rice Export Zone စီးမံချက်နှင့် လယ်ယာကဏ္ဍနည်းပညာ၏ အရေးပါမှုအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌက ဒေသတွင်းလယ်ယာကဏ္ဍဖွံ့ဖြိုးမှု အထောက်အကူပြု ထုတ်ကုန်ပြပွဲနှင့် နည်းပညာပြပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့်ပတ်သတ်၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြ ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကျောင်းကုန်းမြို့နယ်၊ ညောင်တုန်းမြို့နယ်နှင့် ပန်းတနော်မြို့နယ်တို့မှ တောင်သူများထံသို့ စိုက်ပျိုးစရိတ်ချေးငွေများနှင့် သွင်းအားစုများပေးအပ်ခဲ့ပြီး ပြခန်းတွင် ခင်းကျင်းပြသထားသည့် ပဲအမျိုးမျိုး၊ နေကြာဆီ၊ နှမ်းဆီ၊ မြေပဲဆီ၊ ဆန်၊ သွင်းအားစုများ၊ ဆန်စက်ပစ္စည်းများ၊ လယ်ယာသုံးပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။