ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်

ပုသိမ် ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့က မြန်မာအမျိုးသမီးများနေ့ ဂုဏ်ပြုတေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ယနေ့ ဇူလိုင်လ(၃)ရက်နေ့သည် မြန်မာနိုင်ငံဒေသအသီးသီး၌ နေထိုင်ကြသည့် အမျိုးသမီးများ အားလုံးအတွက် ထူးခြားလေးနက်သည့်နေ့တစ်နေ့ဖြစ်ပြီး နိုင်ငံ၏အရေးပါသည့် ကဏ္ဍအသီးသီး၌ ပါဝင်ဆောင်ရွက်နေသည့် ထူးချွန်အမျိုးသမီးများကို ဂုဏ်ပြုချီးမြှင့်သည့်အနေဖြင့် အလွှာပေါင်းစုံမှ အမျိုးသမီးများကို စိတ်ဓါတ်ခွန်အားမြှင့်တင်ရန် ကျင်းပသည့် နေ့ထူးနေ့မြတ် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍပိုမိုတိုးတက်မြင့်မားလာစေရန် ပညာရေးကဏ္ဍတွင် ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးရေးနှင့် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်စေရေးတို့အတွက် အခြေခံပညာအဆင့်အလိုက် သင်ယူပြီးမြောက် စေရေး ဆောင်ရွက်လျက်ရှိပြီး ကျား၊ မ ခွဲခြားမှုမရှိဘဲ ပညာသင်ကြားခွင့်ရရှိရေး၊ စာတတ်မြောက်ရေးနှင့် ပညာရေးပြီးဆုံးမှု မြင့်မားစေရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ ပညာရေးအားနည်းသူ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များကိုလည်း သင်ကြားပေးလျက်ရှိပါကြောင်း၊ ကျား၊ မ တန်းတူညီမျှမှုရှိရန်နှင့် မြန်မာအမျိုးသမီးများ၏ အခွင့်အရေးများ ပိုမိုမြှင့်တင်ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် ဘက်ပေါင်းစုံက တတ်နိုင်သရွေ့ကြိုးပမ်း ဆောင်ရွက်လျက်ရှိသကဲ့သို့ အမျိုးသမီးထုကြီးနှင့် အဖွဲ့အစည်းများကလည်း သက်ဆိုင်ရာကဏ္ဍအသီးသီးကနေ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်” ပြောကြားပြီးနောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဗီဒီယိုကို ကြည့်ရှု အားပေးခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအတွင်း နယ်ပယ်အသီးသီး၌ ထူးချွန်စွာ စွမ်းဆောင် နိုင်ခဲ့သည့်အမျိုးသမီးများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ ပုသိမ် လေတပ်စခန်းဌာနချုပ်မှူး၏ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူအသီးသီးက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများ၊ ရှုတိုင်းမဝ ထာဝရတောက်ပ ဧရာဝတီသူအလှ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုနှင့် ပဒေသာကပွဲ သရုပ်ဖော်ပြသခြင်းများကို ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ CB Bank၊ Amazing Chaungthar Resorts၊ Breeze See Sein resort၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း၊ Ohmmar Ayar Constructionနှင့် ရွှေဟိုင်းကြီး အအေးခန်းကုမ္ပဏီတို့မှ ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့အား အလှူငွေများ ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယကနှင့် ဥက္ကဋ္ဌတို့က လက်ခံရယူ ခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ကပြဖျော်ဖြေခဲ့သော အကအဖွဲ့ များကို ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ပြသထားသော လက်မှုထုတ်ကုန် ပစ္စည်းများနှင့် ပြခန်းအား ကြည့်ရှုအားပေးခဲ့သည်။

03-Jul-2026