ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနား တက်ရောက်

ပုသိမ် ဇူလိုင် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် လက်တွေ့လုပ်ငန်းခွင်အတွင်းဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး အုပ်ချုပ်ရေးဆိုင်ရာ အသိပညာများ ပိုမိုတိုးတက် စေရန်၊ မိမိတို့ဒေသတွင် ဖြစ်ပေါ်လာမည့်ပြဿနာများကို စနစ်တကျဖြေရှင်းနိုင်စွမ်းရှိစေရန်၊ ပြည်သူကို ဗဟိုပြုပြီး မျှတမှန်ကန်သော အုပ်ချုပ်မှုစနစ်ကို ဖော်ဆောင်၍ ပြည်သူလူထုအား ထိရောက် ကောင်းမွန်သော အုပ်ချုပ်ရေးဝန်ဆောင်မှုများပေးနိုင်စေရန်နှင့် နိုင်ငံတော်၏ အုပ်ချုပ်ရေး ယန္တရားကို အောက်ခြေအဆင့်မှစတင်၍ ပိုမိုခိုင်မာအားကောင်းလာစေရန်အတွက် ယခုသင်တန်း ကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းမှရရှိလာသော အသိပညာများသည် ဒေသတည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်စေရန် အထောက်အကူပြုမည်ဟုယုံကြည်ပြီး ပြည်သူနှင့်အစိုးရ အကြား စံပြတံတားတစ်စင်းအဖြစ် တာဝန်ကျေပွန်စွာထမ်းဆောင်ပေးကြရန်နှင့် အသေးအဖွဲ ဟူ၍မရှိ အလေးအနက်ထားဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါကြောင်း၊ ပြည်သူများက အားကိုး ယုံကြည်စိတ်ချရသော အုပ်ချုပ်ရေးမှူးကောင်းများဖြစ်စေရေးနှင့် ပြည်သူအကျိုးပြုလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်ကြရန်” အမှာစကားပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကျင်းပနိုင်မှုအခြေအနေများ၊ အဆိုပြု မေးခွန်းများနှင့်ပတ်သက်၍ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် သင်တန်းနှင့်ပတ်သက်၍ လိုအပ်သည်များ ဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးက သင်တန်းဖွင့်လှစ်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်အား သင်တန်းသို့တက်ရောက်လာသည့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များက တစ်ဦးချင်းမိတ်ဆက်တင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် ပြည်သူများရွေးချယ်တင်မြှောက်ထားသူများဖြစ်၍ ပြည်သူများအားအလုပ်ကျွေးပြုကြရန်၊ ပြည်သူများနှင့် အနီးစပ်ဆုံးဖြစ်၍ ပြည်သူများ၏ လိုအပ်ချပ်များကို ကူညီဆောင်ရွက်ပေးကြရန်နှင့် သင်တန်းမှပို့ချသော သင်ခန်းစာများအား စနစ်တကျလေ့လာသင်ကြားလိုက်နာဆောင်ရွက်ကြရန် နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းသည် သင်တန်းကာလ (၄)ပတ် ကြာမြင့်မည်ဖြစ်ကာ မြို့နယ်အဆင့်ဌာနဆိုင်ရာ(၁၉)ဌာနမှ သင်ကြားပို့ချမည်ဖြစ်ကြောင်းသိရှိရပါသည်။

02-Jul-2026