ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် တိုင်း၊ ခရိုင်၊ မြို့နယ်၊ မြို့ မြေစာရင်းဦးစီးမှူးများနှင့် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
ပုသိမ် ဇူလိုင် ၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တိုင်းဒေသကြီးမြေစာရင်းဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် တိုင်း၊ ခရိုင်၊ မြို့နယ်၊ မြို့ မြေစာရင်းဦးစီးမှူးများနှင့် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ခဲ့ပြီး“ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုး မွေးမြူရေး တိုင်းဒေသကြီးဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရန်အတွက် စိုက်ပျိုးရေး ဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများသည်လည်း အဓိကကျသည့်အခန်းကဏ္ဍတွင် ပါဝင်နေပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စိုက်ဧကများမှန်ကန်ရန် လိုပါကြောင်း၊ တိုင်းဒေသကြီး၏ ဆီဖူလုံရေးအတွက် နေကြာ၊ မြေပဲ၊ နှမ်း၊ ပဲပုပ် စသည် ဆီထွက်သီးနှံတို့ကို စိုက်ပျိုးကြရမည်ဖြစ်ပြီး ဆီဖူလုံရေးအတွက်လည်း ဝိုင်းဝန်းကြိုးပမ်းရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးမှ ထွက်ရှိသည့် ဆန်၊ စပါး၊ ပဲ၊ ပြောင်း၊ စသည့်ပြည်ပပို့ကုန်များကို ကုန်းလမ်းသာမက ရေလမ်းခရီးပါတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးသည့် သီးနှံများကိုလည်း လျာထားဧကပြည့်မီအောင် စိုက်ပျိုးသွားရမည်ဖြစ်ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ပေးထားသည့် ရည်မှန်းချက်များ အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း” မှာကြားခဲ့သည်။