ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး သရုပ်ပြသခြင်း အခမ်းအနားအားတက်ရောက်ကြည့်ရှုအားပေး
ပုသိမ် ဇူလိုင် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကမ်းနားလမ်း၊ မြို့တော်ခန်းမရှေ့ ရှုခင်းသာရေပြင်၌ ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး သရုပ်ပြသခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မီးသတ်တပ်ဖွဲ့ကို ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီး ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အပါအဝင်အခြားသော ဘေးအန္တရာယ်များ ကျရောက် သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန် ရည်ရွယ် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန်(၄)ရပ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများသည် တစ်ဦးချင်းအနေဖြင့် အစီအစဉ်မဲ့စွာ ဆောင်ရွက်၍မရဘဲ အစုလိုက်၊ အဖွဲ့လိုက် ညီညီညွတ်ညွတ် အားကြိုးမာန်တက် ဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်၍ မိမိကိုယ်တိုင် ဘေးကင်းလုံခြုံရေး ဦးစားပေးမှု (Safety First) ဟာ အလွန်အရေးကြီးပါကြောင်း၊ ထို့အပြင် အချိန်တိုအတွင်းမှာ ဆုံးဖြတ်ရပြီး သက်စွန့်ကြိုးပမ်းဆောင်ရွက်ရသည့်အတွက် သတ္တိရှိရန်၊ မိမိကိုယ်ကိုယုံကြည်မှုရှိရန်၊ လုပ်ငန်းကျွမ်းကျင်ရန်နှင့် ဆုံးဖြတ်ချက် မှန်ကန်ရန်လိုအပ်ပါကြောင်း၊ ဒုက္ခရောက်နေသူများကို ကယ်ဆယ်ရန်အတွက် မိမိကိုယ်တိုင် ကျန်းမာကြံ့ခိုင်နေရန်လည်း လိုအပ်သောကြောင့် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအနေဖြင့် ကိုယ်ခန္ဓာကြံ့ခိုင် သန်စွမ်းရေးလေ့ကျင့်နေရမည်ဖြစ်သကဲ့သို့ သက်လုံကောင်းပြီး အပင်ပန်းခံနိုင်ခြင်းနှင့် ဇွဲ၊လုံ့လ၊ဝီရိယရှိရှိ ကြိုးစားဆောင်ရွက် သွားကြရန် မှာကြားလိုပါကြောင်း” ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ရေကြီး/ရေလျှံမှု ဖြစ်စဉ်တွင် ဘေးဒုက္ခရောက်ရှိနေသောပြည်သူများအား အရေးပေါ်ကူညီကယ်ဆယ်ရွေ့ပြောင်းမှု သရုပ်ပြသခြင်း၊ ကုန်တင်ရေယာဉ်မီးလောင်မှုဖြစ်စဉ်တွင် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ် ရေးဆောင်ရွက်မှုသရုပ်ပြသခြင်း၊ စက်လှေများရှေ့နောက်တန်း၍ ရေပက်ဖျန်းသရုပ်ပြသခြင်း နှင့် ရေရောင်စုံများပက်ဖျန်း သရုပ်ပြသခြင်းများကို ကြည့်ရှုအားပေးခဲ့ပြီး စက်လှေများ မြှားဦးသဏ္ဍာန်ဖြင့် အလေးပြုတန်းဖြုတ် ထွက်ခွာခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ခင်းကျင်းပြသထားသည့် ခေတ်မီရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်များအားကြည့်ရှု့ စစ်ဆေးခဲ့ကြောင်းသိရသည်။