ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ရေးအထူးနှိုးဆော်ချက်

ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ရေးအထူးနှိုးဆော်ချက်

၁။ စားသောက်မှုဆိုင်ရာဆောင်ရန်/ရှောင်ရန် (သန့်ရှင်းလတ်ဆတ်မှု ဦးစားပေးပါ) ရေကျိုချက်သောက်ပါ၊ သောက်ရေကို (၁၅) မိနစ်ခန့် ပွက်ပွက်ဆင်အောင် ကျိုချက်ပြီးမှ သောက်ပါ သို့မဟုတ် ကလိုရင်းဆေးပြား စနစ်တကျခတ်ထားသော ရေကိုသာ သောက်သုံးပါ။ ပူပူနွေးနွေးစားသုံးပါ၊ အစားအစာများကို ချက်ပြုတ်ပြီးပြီးချင်း ပူပူနွေးနွေးစားသုံးပါ။ ယင်ကောင်မနားစေရန် အုပ်ဆောင်း သေချာအုပ်ထားပါ။ အသီးအရွက်များကို စင်ကြယ်အောင်ဆေးပါ၊ အစိမ်းစားမည့် အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို သန့်ရှင်းသောရေဖြင့် စင်ကြယ်စွာ ဆေးကြောပြီးမှ စားသုံးပါ။ ယင်နားစာနှင့် လမ်းဘေးစာများ ရှောင်ပါ၊ ယင်ကောင်နားနေသော အစားအစာများ၊ သန့်ရှင်းမှုအားနည်းသော လမ်းဘေးမုန့်များနှင့် ရေခဲမုန့်/ဖျော်ရည်များကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။ ဟောင်းနွမ်းလျှင် စွန့်ပစ်ပါ၊ အနံ့အသက်ပြောင်းနေသော၊ လေဟောင်းမိနေသော စားသောက်ဖွယ်ရာများနှင့် တစ်ညသိပ်ဟင်းများကို နွှေးမစားဘဲ စွန့်ပစ်ပါ။

၂။ နေထိုင်မှုနှင့်တစ်ကိုယ်ရေသန့်ရှင်းရေး (လက်ဆေးသည့် အလေ့အထကို မြှင့်တင်ပါ)

လက်ကို စက္ကန့် ၂၀ ကြာအောင်ဆေးပါ၊ အစာမစားမီနှင့် အစားအစာ မပြင်ဆင်မီ၊ အိမ်သာတက်ပြီးနောက်နှင့် ကလေးမစင်ကို ကိုင်တွယ်ပြီးနောက်၊ အပြင်မှပြန်လာပြီးတိုင်းတွင် လက်ကို ဆပ်ပြာနှင့် ရေစီးဆင်းနေသောရေဖြင့် စင်ကြယ်စွာ ဆေးကြောပါ။

ပတ်ဝန်းကျင်သန့်ရှင်းရေး

အိမ်သာကို နေ့စဉ်သန့်စင်ဆေးကြောပါ။ အိမ်တွင်း၊ အိမ်ပြင် ယင်ကောင်ဆိုးပွားမှု မရှိစေရန် အမှိုက်များကို စနစ်တကျ စွန့်ပစ်ပါ။ ချက်ပြုတ်သည့် အသုံးအဆောင်များ: ထမင်းဟင်းချက်ပြုတ်ရာတွင် အသုံးပြုသည့် စဉ်းတီတုံး၊ ဓား၊ အိုးခွက်ပန်းကန်များကို အမြဲခြောက်သွေ့သန့်ရှင်းအောင်ထားရှိပါ။

#အရေးပေါ်သတိပြုရန်

မိမိ သို့မဟုတ် မိသားစုဝင်တစ်ဦးဦး ဝမ်းသွားခြင်း၊ အော့အန်ခြင်း စတင်ဖြစ်ပွားပါက ဓာတ်ဆားရည် (ORS) ကို အမြန်ဆုံး ဖျော်စပ်တိုက်ကျွေးပါ။ အကယ်၍ လူနာမှာ အနုံးလွန်ခြင်း၊ ဖျားခြင်း၊ ဝမ်းထဲသွေးပါခြင်း သို့မဟုတ် (၂) ရက်ထက်ကျော်လွန်၍ ဝမ်းမရပ်ပါက နီးစပ်ရာ ကျန်းမာရေးဌာန သို့မဟုတ် ဆေးရုံ၊ ဆေးခန်းများသို့ အချိန်မဆွဲဘဲ အမြန်ဆုံးသွားရောက်ပြသ ဆေးကုသမှုခံယူပါ။

29-Jun-2026