ချစ်ခင်ရပါသော မောင်မယ်တို့၊ မိဘအုပ်ထိန်းသူများနှင့် ဆရာ၊ ဆရာမအပေါင်းတို့ခင်ဗျား -

ချစ်ခင်ရပါသော မောင်မယ်တို့၊ မိဘအုပ်ထိန်းသူများနှင့် ဆရာ၊ ဆရာမအပေါင်းတို့ခင်ဗျား -

ယခုနှစ် ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲကြီးတွင် မိမိတို့၏ ထူးကဲလှသော ဝီရိယ၊ စွဲမြဲသော ဇွဲလုံ့လ တို့ကြောင့် ထူးချွန်ပြောင်မြောက်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ မောင်မယ်များအားလုံးကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်တကွ တစ်မျိုးသားလုံးက လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုအပ်ပါသည်။ ကျောင်းသား၊ ကျောင်းသူ မောင်မယ်တို့အနေဖြင့် ပညာရှာမှီးရာတွင် ကြုံတွေ့ရသည့် အခက်အခဲ စိန်ခေါ်မှုအမျိုးမျိုးကို ရဲဝံ့စွာရင်ဆိုင် ကျော်လွှားပြီး ယခုကဲ့သို့ ကောင်းမွန်လှပသော ရလဒ်ကောင်းကို ထွက်ပေါ်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်းသည် မိမိ ကိုယ်တိုင်နှင့် မိသားစုအတွက်သာမက နိုင်ငံတော်အတွက်ပါ အလွန်ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာဖြစ်ပြီး မောင်မယ်တို့၏ ညဉ့်မအိပ်၊ နေ့မနား ကြိုးစားအားထုတ်မှုများသည် ယနေ့တွင် အောင်ပန်းဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။

ဤကဲ့သို့ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်များပေါ်ထွက်လာစေရန်အတွက် ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့၏ကိုယ်ပိုင်အချိန်နှင့် လုပ်အားများကို စနစ်တကျ ရင်းနှီးပေးဆပ်ကာ စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော နာသုံးနာကို လက်ကိုင်ပိုက်၍ မမောမပန်း သင်ကြားပြသလမ်းညွှန်ပေးခဲ့ကြသည့်အတွက်လည်းကောင်း၊ မိဘအုပ်ထိန်းသူများအနေဖြင့် သားသမီးများ၏ နောက်ကွယ်မှနေ၍ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အဖက်ဖက်မှပံ့ပိုးကူညီ ပေးခဲ့ကြပြီး သားကောင်း သမီးမွန်များ ဖြစ်လာစေရန် အောင်မြင်စွာပြုစုပျိုးထောင်ပေးခဲ့ကြသည့်အတွက်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်းသူများအားလုံး၏ မေတ္တာ၊ ကရုဏာနှင့် စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်မှုများကို အထူးပင်လေးစားအသိအမှတ်ပြု၍ နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည်။

ဆရာတို့၏ သွန်သင်မှုနှင့် မိဘတို့၏ လမ်းပြမှုများသည် ကလေးငယ်များ၏ အောင်မြင်မှု လမ်းကြောင်းအတွက် အဓိကမောင်းနှင်အားဖြစ်ခဲ့ပါသည်။ မောင်မယ်တို့၏ အောင်မြင်မူရလဒ်သည် ပညာရေးခရီးလမ်း၏ ခိုင်မာသောအုတ်မြစ်တစ်ခုဖြစ်ပြီး၊ နောင်အနာဂတ်တွင် မိမိတို့ ဝါသနာပါရာ အဆင့်မြင့် ပညာရပ်များကို ဆက်လက် ဆည်းပူးကာ နိုင်ငံတော်ကအားထားရမည့် ပညာတတ် သားကောင်း၊ သမီးမွန်များ ဖြစ်လာကြလိမ့်မည်ဟု နိုင်ငံတော်မှ အပြည့်အဝယုံကြည်မျှော်လင့်ပါသည်။ ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူ များနှင့် ဆရာ၊ ဆရာမများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစွာဖြင့် ရှေ့ဆက်မည့် ဘဝခရီးလမ်းတိုင်းတွင် အောင်မြင်မှုအဆင့်ဆင့်ကို ဆက်လက်ဆွတ်ခူးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

29-Jun-2026