ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ)က ကြီးမှူးကျင်းပသော သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်
ပုသိမ် ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သာသနာ့ဗိမာန်၌ ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ)က ကြီးမှူးကျင်းပသော သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက် ဖူးမြော်ကြည်ညိုကြသည်။
ဦးစွာ အခမ်းအနားကို သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်း ဩဝါဒါစရိယ ဆရာတော် များ၊ သင်တန်းသား သံဃာတော်များနှင့် ဧည့်ပရိသတ်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိဿုတ အရှင်သူမြတ်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ဩဝါဒကထာ မိန့်ကြားတော်မူသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြ ခဲ့ပြီး သံဃနာယကနှင့်ဝိနည်းဓိုရ်သင်တန်း ဩဝါဒါစရိယဆရာတော်များအား လှူဖွယ်ဝတ္ထု ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ သံဃာတော်အရှင် သူမြတ်များက “ မေတ္တာသုတ်” ပရိတ်တရားတော်ကို ရွတ်ပွားချီးမြှင့်တော်မူပြီးနောက် အခမ်းအနားကို “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ)က ကြီးမှူးကျင်းပသော သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းကို ယခုလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ကြောင်းသိရသည်။