ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် သူနာပြုသိပ္ပံ(ပုသိမ်)၏ အပတ်စဉ်(၄၁) သူနာပြု-သားဖွား ဒီပလိုမာသင်တန်း ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားတက်ရောက်
ပုသိမ် ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သူနာပြုသိပ္ပံ(ပုသိမ်)၏ အပတ်စဉ်(၄၁)သူနာပြု-သားဖွား ဒီပလိုမာသင်တန်း ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် သင်တန်းသား၊ သင်တန်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ကျန်းမာရေးကဏ္ဍသည် အရေးကြီး သည်နှင့်အမျှ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သော၊ မျိုးချစ်စိတ်ဓာတ် ပြည့်ဝသော နိုင်ငံ့အကျိုးပြု သူနာပြုကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီးကျန်းမာရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့မှလည်း အဖက်ဖက်က ဝိုင်းဝန်းဖြည့်ဆည်းဆောင်ရွက်ပေးလျှက် ရှိပါကြောင်း၊ သူနာပြု-သားဖွားများသည် ပင်ကိုယ်သဘာဝ စိတ်ရောကိုယ်ပါ ဖြူစင်သူများ ၊ နူးညံ့သိမ်မွေ့သူများ ၊ ယဉ်ကျေးပျူငှာသူများ ဖြစ်ကြသည့်အတွက် အဖြူရောင်ကို အရောင်ဆိုးရ လွယ်သလို မလိုလားအပ်သူများ၏ အရောင်ဆိုးမှုကို ခံရတတ်ပါကြောင်း၊ စနစ်တကျ လေ့ကျင့်ပျိုးထောင်ထားသော သူနာပြုကောင်းများရှိခြင်းသည် လူထုကို ပိုမိုကျန်းမာစေပြီး နိုင်ငံတစ်နိုင်ငံ၏ကုန်ထုတ်စွမ်းအားနှင့်စီးပွားရေးကိုတိုက်ရိုက်အထောက် အကူပြုစေနိုင်ကြောင်း၊ အနာဂတ်ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုကောင်းမွန်ပြီးကြံ့ခိုင်သော ကျန်းမာရေးစနစ်တစ်ခုကို တည်ဆောက်ရန် အတွက်သူနာပြုများကိုတန်ဖိုးထားရန်နှင့် ပံ့ပိုးကူညီရန် လိုအပ်ပါကြောင်း” ပြောကြားသည်။
ဆက်လက်၍ သူနာပြုသိပ္ပံ(ပုသိမ်)ကျောင်းအုပ်ကြီး၊ ပုသိမ်ပြည်သူ့ဆေးရုံကြီး၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဖလောရင့်နိုက်တင်ဂေးလ် ဆုရှင်တို့က သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများအပ်နှင်းခဲ့ပြီးနောက် သင်တန်းသား၊ သင်းတန်းသူများက သူနာပြုသစ္စာအဓိဋ္ဌာန်များရွတ်ဆိုခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးတို့က သင်တန်းတွင် ထူးချွန်ဆုရရှိသူများနှင့် လူမှုထူးချွန်ဆုရရှိသည့် သင်တန်းသားတစ်ဦးအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ယနေ့ကျင်းပပြုလုပ်ခဲ့သည့် သူနာပြုသိပ္ပံ(ပုသိမ်)၏ အပတ်စဉ်(၄၁) သူနာပြု-သားဖွား ဒီပလိုမာသင်တန်း ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားတွင် သင်တန်းသား၊ သင်တန်းသူ (၁၀၀)ဦးတို့အား ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းခဲ့ကြောင်း သိရှိရသည်။