ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာ သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
ပုသိမ် ဇွန် ၁၆
ဧရာဝတီတိုင်းဒေကြီး၊ ပုသိမ်မြို့၊ သမဝါယမစာရင်းရင်းရေးစာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း(ပုသိမ်) တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်း သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ယနေ့ဖွင့်လှစ်သည့် လက်မှတ်ရစီးပွားရေး စာရင်းကိုင် ပညာသင်တန်းကို ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများအတွက် စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုနိုင်စေရန်နှင့် သင်တန်းသား/သူများအနက် ထူးချွန်သူများကို ရွေးချယ်၍ သမဝါယမကောလိပ်များနှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်များသို့ ပေါင်းကူး၍ ပညာဆက်လက်သင်ယူနိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူ များအနေဖြင့် အခြေခံပညာအထက်တန်းအဆင့်တွင် မိမိဝါသနာပါသည့်ပညာရပ်ကို အလွယ်တကူသင်ကြားခွင့်ရပြီး သက်မွေးပညာရပ်တစ်ခုအနေဖြင့် လက်တွေအသုံးချနိုင်သည့် ပညာရပ်ဖြစ်သည့်အတွက် ကြိုးစားလေ့လာစေလိုကြောင်း၊ လုပ်ငန်းခွင်တွင် အသင့်ဖြစ်စေမည့် သင်ရိုး ညွှန်းတမ်းများ အသုံးပြု၍သင်ကြားပို့ချပေးမည် ဖြစ်သည့်အတွက် အစိုးရအဖွဲ့အစည်းများ၊ အဖွဲ့အစည်းများ၊ ပြင်ပပုဂ္ဂလိကအသင်းအဖွဲ့များ၊ လုပ်ငန်းများနှင့် ကုမ္ပဏီများတွင် လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းကောင်းများစွာ ရရှိနိုင်မည်ဖြစ်ပါကြောင်းနှင့် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်ရာတွင်လည်း များစွာအထောက်အကူ ရရှိစေမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။
ထို့နောက် သမဝါယမစာရင်းရင်းရေးစာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း(ပုသိမ်) ကျောင်းအုပ်ကြီးက လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာသင်တန်း ဖွင့်လှစ်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘာသာစုံဂုဏ်ထူး ရရှိသူများအား ဂုဏ်ပြုဆုများနှင့် သင်တန်းသား၊ သင်တန်းသူများအား ပြဋ္ဌာန်းစာအုပ်များကို လည်းကောင်း၊ တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ဘာသာစုံဂုဏ်ထူးရရှိများအား ဂုဏ်ပြုဆုများနှင့် သင်တန်းသား၊ သင်တန်းသူများအား ဖျာ၊ ခြင်ထောင် များကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်လိမိတက် ဥက္ကဋ္ဌက သင်တန်းသား၊ သင်တန်းသူများ စားသောက်စရိတ်အတွက် ထောက်ပံ့ငွေများကိုလည်းကောင်းပေးအပ်ခဲ့သည်။