ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် Rosewood Capital ကုမ္ပဏီလိမိတက်မှ ပုသိမ်မြို့တွင် Waste To Energy လုပ်ငန်း၊ လျှပ်စစ် Bus နှင့် လုပ်ငန်းသုံးယာဉ်များ ထုတ်လုပ်ရေးလုပ်ငန်းအတွက် စီမံလျာထားမှု များအား ရှင်းလင်းတင်ပြသည့်အစည်းအဝေးတက်ရောက်

ပုသိမ်     ဇွန်         ၁၅
 
Rosewood Capital ကုမ္ပဏီလိမိတက်မှ ပုသိမ်မြို့တွင် Waste To Energy လုပ်ငန်း၊ လျှပ်စစ် Bus နှင့် လုပ်ငန်းသုံးယာဉ်များ ထုတ်လုပ်ရေးလုပ်ငန်းအတွက် စီမံလျာထားမှုများအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက စွန့်ပစ်အမှိုက်များမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများ၊ လျှပ်စစ်ယာဉ်(EV)ထုတ်လုပ်မှု စီမံကိန်း၊ တိုးချဲ့ထုတ်လုပ်မည့် ယာဉ်အမျိုးအစားများ၊ မြေနေရာနှင့်စက်ရုံတည်ဆောက်ရန်လိုအပ်ချက်၊ တိုင်းဒေသကြီးအတွက် အကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနများ၏ အထွေထွေဆွေးနွေးတင်ပြများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က “စွန့်ပစ်အမှိုက်များအား လျှပ်စစ်ထုတ်လုပ်နိုင်ပါက များစွာအကျိုးရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ လျှပ်စစ်ယာဉ်(EV)ထုတ်လုပ်ရာတွင် စက်မှုဇုန်တွင်ဆောင်ရွက်နိုင်ပါက ပိုမို အဆင်ပြေမည်ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်နိုင်ရန်လည်း လုပ်ငန်းရှင်များကို ဖိတ်ခေါ်ပါကြောင်း၊ လုပ်ငန်းသစ်များပေါ် ပေါက်လာမည်ဖြစ်၍ အလုပ်အကိုင်အခွင့်အလမ်းများလည်း ဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း” ပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

15-Jun-2026