လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမောင်သင်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်ကျင်းပပြုလုပ်သည့် လူငယ်တွေ့ဆုံပွဲနှင့် လူငယ်အသိပညာပေးဟောပြောပွဲတက်ရောက်

ပုသိမ် ဇွန် ၁၄

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်တွေ့ဆုံပွဲနှင့် လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ကျင်းပခဲ့ရာ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ကျောင်းသားလူငယ်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီးနောက် ကျောင်းသား၊ ကျောင်းသူများ၏ “အနာဂတ်ပန်း” တေးသီချင်း၊ “ လူငယ့်အားမာန် တိုင်းပြည်အဖိုးတန်” သီချင်းဖြင့် တင်ဆက်မှုများကို ကြည့်ရှု့အားပေးသည်။ ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ(၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက“ လူငယ်များအနေဖြင့် နိုင်ငံတော်ကို အကျိုးပြုမည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ထွန်းလာစေရေး ကိုယ့်နိုင်ငံနှင့် လူ့အဖွဲ့အစည်းကို မြင့်မားအောင် စွမ်းဆောင်လိုသည့်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သတ်သတ်မှတ်မှတ် အလေးထား ဆောင်ရွက်နိုင်ရန်အတွက် လူငယ်ရေးရာဝန်ကြီးဌာနကို သီးခြားဝန်ကြီးဌာနတစ်ခုအဖြစ် နိုင်ငံတော်သမ္မတကြီး မှ တိုးချဲ့ဖွဲ့စည်းတာဝန်ပေးခဲ့ပါကြောင်း၊ လူငယ်အကျိုးကို တစ်စိုက်မတ်မတ် လုပ်ဆောင်နိုင်ရန် တာဝန်ပေးအပ်လိုက်ခြင်းဖြစ်ပါကြောင်း၊ လူငယ်တို့၏ အရည်အသွေးမြင့်မားရေးတွင် အဓိကကျသည့် ဝေဖန်ပိုင်းခြားတွေးခေါ်မှု၊ ပြဿနာကို စနစ်ကျနစွာ ဖြေရှင်းနိုင်စွမ်းနှင့် စွမ်းဆောင်မှုအရည်အသွေးမြှင့်တင်ရန် လူငယ်ဖိုရမ်များ၊ လူငယ်စကားဝိုင်းများကို ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ ယခုကျင်းပသည့် ဟောပြောပွဲသည် လူငယ်ထု အရည်အသွေးမြင့်မားရန် လှေကားထစ် တစ်ထစ်အဖြစ် ဖော်ဆောင်နေခြင်းဖြစ်ပါကြောင်း၊ လူငယ်များ၏ ခွန်အား၊ စိတ်အားထက်သန်မှု၊ တီထွင်ဖန်တီးနိုင်သည့် စွမ်းအားနှင့် ခေတ်မီနည်းပညာကို ကျွမ်းကျင်စွာ အသုံးချ နိုင်စွမ်းများကြောင့် လူမှုအသိုက်အဝန်းအတွက် အရေးကြီးသည့် အကျိုးကျေးဇူးများကို ဖြစ်ပေါ်စေပါကြောင်း၊ လူငယ်များ၏ဘဝတွင် ဗလငါးတန် ပညာ့မာန်ဖြင့် နိုင်ငံ၏ အနာဂတ်ပဲ့ကိုင်ရှင်များဖြစ်အောင် ကြိုးစားပြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုးသည့် ပြည်ထောင်စုမြန်မာ နိုင်ငံတော်ကို ထုဆစ်ပုံဖော်ရာတွင် ရှေ့တန်းကတက်ကြွစွာပါဝင်နိုင်ကြသူများအဖြစ် သမိုင်းစာမျက်နှာအစောင်စောင်တွင် မော်ကွန်းတင်ခံရသူများဖြစ်ကြသည်အထိ စွမ်းဆောင်နိုင်ပါစေကြောင်း” ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ လူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ကြီးမားသော လူ့စွမ်းအားအရင်းအမြစ် ဖြစ်သည်နှင့်အညီ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင်လည်း ထူးခြားသည့် အင်အားစု တစ်ရပ်ဖြစ်သည့်အတွက် အနာဂတ်နိုင်ငံတော်၏ အကောင်းအဆိုးသည် လူငယ်များ၏စွမ်းဆောင်ရည်၊ ကိုယ်ကျင့်တရား၊ တိုင်းချစ်ပြည်ချစ်စိတ်၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ အပေါ်မှီတည်နေပါကြောင်း၊ တိုင်းပြည်၏ အခန်းကဏ္ဍအားလုံးကို ပုခုံးပြောင်းတာဝန်ထမ်းဆောင်မည့် လူငယ်များ၏ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံ့သားကောင်း လူငယ်များပေါ်ထွန်းလာစေရေးအတွက် နိုင်ငံတော်မှ အလေးထား ပြုစုပျိုးထောင်ပေးလျက် ရှိပါကြောင်း” ဆက်လက်ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က တေးသီးချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အားကစားပစ္စည်းများကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပြီးနောက် ကဏ္ဍပေါင်းစုံလူငယ်များမှ သိလိုသည်များဆွေးနွေးမေးမြန်းကြရာ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ပြီး ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ယင်းနောက် စာရေးဆရာ ကိုရွှေအောင်သင်းက“လူငယ်နှင့်အနာဂတ်နိုင်ငံတော်” ခေါင်းစဉ်ဖြင့် လူငယ်ရေးရာအသိပညာပေး ဟောပြောခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး လူငယ်‌ရေးရာဦးစီးဌာနရုံး တည်ဆောက်မည့်လျာထား‌မြေနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

14-Jun-2026