ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ဒေသခံများနှင့် ပူးပေါင်းစီမံခန့်ခွဲသော ပင်လယ်လိပ်ထိန်းသိမ်းရေးဧရိယာ (ကြာကန်၊ ဖောင်တိုးဒေသ) တည်ထောင်ရန်အတွက် ထိန်းသိမ်းရေးစီမံချက်အတည်ပြုရန် အကြံပြုဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲတက်ရောက်
ပုသိမ် ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ စွမ်းဟိုတယ်တွင် ပြုလုပ်သည့် ဒေသခံများနှင့်ပူးပေါင်းစီမံခန့်ခွဲသော ပင်လယ်လိပ်ထိန်းသိမ်းရေးဧရိယာ (ကြာကန်၊ ဖောင်တိုးဒေသ) တည်ထောင်ရန်အတွက် ထိန်းသိမ်းရေးစီမံချက်အတည်ပြုရန် အကြံပြုဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် တိုင်းပြည်၏ စပါးကျီဖြစ်သကဲ့သို့ သဘာဝအရင်းအမြစ်များကြွယ်ဝပြီး ဇီဝမျိုးစုံမျိုးကွဲများ ကျက်စားနေထိုင်ရာဒေသကြီးလည်းဖြစ်ပါကြောင်း၊ အထူးသဖြင့် မော်တင်ကမ်းခြေဒေသသည် မျိုးတုံးပျောက်ကွယ်တော့မည့် ပင်လယ်လိပ်များ ကျက်စားမျိုးပွား ရာဒေသကြီးဖြစ်သည့်အပြင် နိုင်ငံတကာတွင် ထင်ရှားသည့် ပင်လယ်လိပ်မျိုးထိန်းသိမ်းရေးစခန်း သမီးလှကျွန်းလည်း တည်ရှိနေပါကြောင်း၊ ပင်လယ်လိပ်များသည် ရာသီဥတုပြောင်းလဲလာမှု၊ အဏ္ဏဝါဂေဟစနစ်ညစ်ညမ်းလာမှုနှင့် လူသားများ၏ ပယောဂကြောင့် ရှင်သန်မှုအတွက် ကြီးမားသည့်စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရပါကြောင်း၊ ထို့ကြောင့် ပင်လယ်လိပ်မျိုးစိတ်များကို ရေရှည်တည်တံ့စွာ ထိန်းသိမ်းနိုင်ရေးအတွက် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်သော ထိန်းသိမ်းရေးဧရိယာများ တည်ထောင်နိုင်ရေးဟာ အရေးကြီးလှပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် အားလုံးပူးပေါင်းပါဝင်ပြီး အပြုသဘောဆောင်သော ဆွေးနွေးမှုများ၊ အကြံပြုချက်များကို ပွင့်လင်းစွာဆွေးနွေးကြရန်” အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြား ပြီးနောက် မော်တင်ကမ်းခြေဒေသ(ကြာကန်၊ ဖောင်တိုး၊ ရေသိုး၊ သဲတောင်၊ ဟက်လက်) ကျေးရွာ များတွင် ဒေသခံများနှင့် ပူးပေါင်းစီမံခန့်ခွဲသော ပင်လယ်လိပ်ထိန်းသိမ်းရေးဧရိယာ စီမံချက် ဖြစ်ပေါ်လာရေး ဆောင်ရွက်မှုများနှင့် ပင်လယ်လိပ်ထိန်းသိမ်းရေးဧရိယာ ပေါ်ပေါက်လာမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပင်လယ်လိပ် တက်ရောက်ဥချမှုအခြေအနေမှတ်တမ်း ဗီဒီယိုပြသမှုကို ကြည့်ရှုခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ ပင်လယ်လိပ်ထိန်းသိမ်းရေး မှတ်တမ်းဓာတ်ပုံများကို လှည့်လည့်ကြည့်ရှုခဲ့ကြသည်။