ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား တက်ရောက်၍ သစ်ပင်များစိုက်ပျိုး
ပုသိမ် ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၆ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်ဝန်းတွင်ကျင်းပခဲ့ရာ သစ်ပင်စိုက်ပျိုးပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်စိုက်ပျိုးခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့သစ်ပင်စိုက်ပျိုးခြင်းသည် မိမိတို့အတွက် သာမက အနာဂတ်မျိုးဆက်သစ်များအတွက်ပါ ကောင်းမွန်သောပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်းလည်းဖြစ်ပါကြောင်း၊ သစ်တောသစ်ပင်များသည် လူသားများနှင့် သဘာဝပတ်ဝန်းကျင် အတွက် အလွန်အရေးကြီးသောအရာများဖြစ်သည့်အတွက် သက်ရှိလောကတည်မြဲရန်၊ ထာဝရ ကုသိုလ်ရယူရန်၊ ဇီဝမျိုးစုံထိန်းသိမ်းရန်၊ လောင်စာစွမ်းအင်ရရှိရန်၊ ရေသယံဇာတထိန်းသိမ်းရန်၊ ရာသီဥတုမျှတစေရန်၊ သစ်ပင်စိုက်ပျိုးကြရန်လိုပါကြောင်း၊ လူထုလှုပ်ရှားမှု သစ်ပင်စိုက်ပွဲတော် များကို နှစ်စဉ် စဉ်ဆက်မပြတ် ပြုလုပ်သွားကြရန်နှင့် သစ်တောစီမံအုပ်ချုပ်ရေးလုပ်ငန်းများ၊ နိုင်ငံပိုင်သစ်တောစိုက်ခင်းများ ရေရှည်တည်တံ့ရေး၊ ပင်လယ်ကမ်းရိုးတန်း ဒီရေတောများ ဖွံ့ဖြိုး တိုးတက်ရေး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် ပြန်လည်မျှတလာစေရေး စသည့်လုပ်ငန်း စဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် စိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက် ပေးကြရန်” ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က တာဝန်ရှိသူများထံသို့ စိုက်ပျိုးမည့် ပျိုးပင်များပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများက ကံ့ကော်၊ ခရေ၊ ပိတောက်၊ ငုရွှေဝါ၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား အစရှိသည့် ပျိုးပင်ပေါင်း(၁၂၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။