ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် Football For School Launching Ceremony အခမ်းအနားတက်ရောက်

ပုသိမ် ဇွန် ၁၂

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Football For School Launching Ceremony အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ စစ်ကြောင်းမှူးဦးဆောင်သည့် ကျောင်းသားအားကစားသမားများက တိုင်းဒေသကြီးဝန်ကြီးချုပ်အား အလေးပြု၍ အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက်ကို ရွက်ဆိုခဲ့ ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ Football For School အစီအစဉ်သည် မိမိတို့နိုင်ငံ၏ အားကစားကဏ္ဍနှင့် ပညာရေးကဏ္ဍ ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အလွန်အရေးကြီးပြီး ထူးခြားလေးနက်သည့် ခြေလှမ်းတစ်ရပ်ဖြစ်ပါကြောင်း၊ ဘောလုံးအားကစားနည်းသည် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးနှင့် စိတ်လှုပ်ရှားစရာအကောင်းဆုံးအားကစားနည်းတစ်ခုဖြစ်ရုံ တင်မကဘဲ လူငယ်များ၏ဘဝကို ပြောင်းလဲပေးနိုင်သည့် အင်အားစုတစ်ခုလည်းဖြစ်ပါကြောင်း၊ ယခုအစီအစဉ်သည် ကျောင်းများတွင် ဘောလုံးအားကစားည်းကို ပိုမိုကျယ်ပြန့်လာစေပြီး တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူပြုမည့်အပြင် အနာဂတ်တွင် နိုင်ငံဂုဏ် ဆောင်နိုင်မည့် ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာရန်အတွက် အခြေခံ အုတ်မြစ်ကောင်းတစ်ခုဖြစ်ပါကြောင်းနှင့် ရေရှည်တည်တံ့အောင်မြင်စေရေး ကြိုးစားဆောင်ရွက် ကြရန်” အမှာစကားပြောကြားသည်။

ထို့နောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)မှလှူဒါန်းသော No-4 ဘောလုံးများအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) ကိုယ်စားလှယ်ကပေးအပ်ရာ တိုင်းဒေသကြီးပညာရေးမှူးက လက်ခံရယူခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် MFF "D" Certificate Coaching Course ကာယပညာ ဆရာများမှ ကျောင်းသား အားကစားသမားများအား Football For School သင်ခန်းစာများ လက်တွေ့သရုပ်ပြသင်ကြားခြင်း၊ ပုသိမ်မြို့၊ စိန့်ဂျွန်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက Fitness Exercises ဖြင့် သရုပ်ပြတင်ဆက်ခြင်းနှင့် ပုသိမ်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းအစီအစဉ် အတွဲအမှတ်(၃/၄) ဖြင့် သရုပ်ပြတင်ဆက် ခြင်းများကို ကြည့်ရှုအားပေးခဲ့သည်။

12-Jun-2026