ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် Seamless Shipping & Logistics Co.,Ltd ၏ စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းခြင်းအခမ်းအနားတက်ရောက်

ပုသိမ် ဇွန် ၁၁

Seamless Shipping & Logistics Co.,Ltd မှ ဧရာဝတီတိုင်းဒေသကြီးအား အခြေပြု၍ ရှေ့ဆက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ Seamless Shipping & Logistics Co.,Ltd မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား Seamless Shipping & Logistics Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းဒေသကြီးအားအခြေပြု၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ သင်္ဘောအချိန်ဇယားများနှင့် သင်္ဘောအချက်အလက်များ၊ လုပ်ကိုင်ဆောင်ရွက်လျက် ရှိသော နိုင်ငံတကာသင်္ဘောလိုင်းများ၊ container စနစ်ဖြင့် သယ်ယူပို့ဆောင်မည့် အခြေအနေများ၊ ပုသိမ်ဆိပ်ကမ်းမှ ပြည်ပနိုင်ငံများသို့ တိုက်ရိုက်ရေကြောင်းကုန်စည် တင်ပို့ခြင်းလုပ်ငန်းစဉ်နှင့် ကုန်တင်ကုန်ချအစီအမံများအား ရှင်းလင်းတင်ပြခဲ့ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနများက သက်ဆိုင်ရာ ဌာနအလိုက် အထွေထွေဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီး၏ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ကုန်စည်စီးဆင်းမှုများ လျှင်မြန်စေရေးနှင့် ပြည်ပသို့ကုန်စည်များတင်ပို့ရာတွင် ပုသိမ်ဆိပ်ကမ်းမှ တိုက်ရိုက်တင်ပို့နိုင်ရေးအတွက် လိုအပ်သည်များကိုလုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဥပဒေနှင့်အညီဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုအားပေးလျက်ရှိပြီး လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပုသိမ်ဆိပ်ကမ်းမှ ဆန်၊ ပြောင်းနှင့် ဒေသထွက်ကုန်များကို တိုက်ရိုက်တင်ပို့ခြင်းဖြင့် ကုန်စည် စီးဆင်းမှု မြန်ဆန်ပြီး တိုင်းဒေသကြီးအတွင်းရှိ လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် အခြားစီးပွားရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်စေရေးအတွက် တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

11-Jun-2026