ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ တက္ကသိုလ်များ(ပုသိမ်ဇုန်) အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ပုသိမ် ဇွန် ၈

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်များ(ပုသိမ်ဇုန်) အမျိုးသား၊ အမျိုးသမီး ဘောလုံး ပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်တက္ကသိုလ် အားကစားကွင်းတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးသိန်းထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ပုသိမ်တက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုကဲ့သို့ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရသည့် ရည်ရွယ်ချက်သည် အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်နှီးမှု ခိုင်မာလာစေရေး၊ တက္ကသိုလ်များတစ်ခုနှင့်တစ်ခု အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုရှိစေရေး၊ ကျောင်းသား လူငယ်များ ကျန်းမာကြံ့ခိုင်ရေး၊ ဗလငါးတန် ပြည့်ဝစေရေးကို ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့်ပြိုင်ပွဲဝင် အသင်းများက အားကစားသမားကောင်းများ ပီသစွာ ဇွဲ စိတ်ဓါတ်ကို အရင်းခံပြီး ယှဉ်ပြိုင်ကစားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ တက္ကသိုလ် များ (ပုသိမ်ဇုန်) အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် သားတို့ သမီးတို့အနေဖြင့် ယခုပြိုင်ပွဲမှတဆင့် တက္ကသိုလ်များ လက်ရွေးစင်အဆင့် နိုင်ငံလက်ရွေးစင်အဆင့်ထိအောင် ဂုဏ်ဆောင်နိုင်ကြသည့် အားကစားသမား ကောင်းများဖြစ်အောင် ကြိုးစားကြရန်လိုပါကြောင်း ” တိုက်တွန်းပြောကြားပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်များ (ပုသိမ်ဇုန်) အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။

ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်သည့် အားကစားအဖွဲ့များက တိုင်းဒေသကြီးဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးနောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အဖွင့်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားသည့် ပုသိမ်တက္ကသိုလ်အမျိုးသားဘောလုံးအသင်းနှင့် မအူပင်တတက္ကသိုလ် အမျိုးသားဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ တက္ကသိုလ်များ (ပုသိမ်ဇုန်) ဘောလုံးပြိုင်ပွဲနှင့်ဘော်လီဘော ပြိုင်ပွဲအား ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ဧရာဝတီတိုင်းဒေသကြီး အတွင်းမှ ပုသိမ်တက္ကသိုလ်၊ မအူပင်တက္ကသိုလ်နှင့် ဟင်္သာတတက္ကသိုလ်တို့မှ အမျိုးသားဘောလုံးအသင်း သုံးသင်း၊ အမျိုးသားဘော်လီဘော နှစ်သင်းနှင့် အမျိုးသမီးဘော်လီဘောနှစ်သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။

08-Jun-2026