လပွတ္တာမြို့နယ်တွင် ညွှန်မှူးချုပ်ဟုသုံးနှုန်းပြီး ငွေလိမ်လည်မှုဖြစ်ပွား
ပုသိမ် မေ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ညောင်လိန်ကျေးရွာအုပ်စု၊ ဓနိချောင်ကျေးရွာတွင် ညွှန်မှူးချုပ်အယောင်ဆောင်ကာ ကျေးရွာအုပ်ချုပ်ရေးမှူး ရာထူးပေးမည်၊ တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသည့် သားဖြစ်သူ ဒဏ်ရာရရှိမှုအတွက် နစ်နာကြေးငွေများ ရရှိအောင်ဆောင်ရွက်ပေးမည် ဟုဆိုကာ ကျေးရွာသားတစ်ဦးထံမှ ငွေကျပ် (၃၆)သိန်း လိမ်လည်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။
ဖြစ်စဉ်မှာ မေလ ၂၁ ရက်နေ့တွင် လပွတ္တာမြို့နယ်၊ ညောင်လိန်ကျေးရွာအုပ်စု၊ ဓနိချောင်ကျေးရွာနေ ဦးဇော်နိုင်ထံသို့ ATOM ဖုန်းနံပါတ် (09-776837655)မှတဆင့် ဆက်သွယ်၍ ၎င်းမှာ "ညွှန်မှူးချုပ်" ဟု ပြောဆိုပြီး ဦးဇော်နိုင်အား ကျေးရွာအုပ်ချုပ်ရေးမှူး လုပ်လိုပါက ၎င်းအနီးရှိ လူကြီးအားကန်တော့ရန် ငွေများတောင်းခံခဲ့ရာ ဦးဇော်နိုင်က ကျေးရွာအုပ်ချုပ်ရေးမှူး မလုပ်လို ကြောင်း အဆင်မပြေကြောင်း ပြောဆိုခဲ့ပြီး ဖုန်းချခဲ့ကြောင်း၊ ၎င်းနောက် (၂)မိနစ်ခန့်အကြာတွင် ထပ်မံဆက်သွယ်လာပြီး တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသည့် ဦးဇော်နိုင်၏ သားဖြစ်သူ ဒဏ်ရာရရှိမှုအတွက် နစ်နာကြေးငွေ သိန်း(၂၀၀)ကျော်ခန့်ရရှိအောင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ပုသိမ်တပ်သို့ရောက်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် ၎င်း၏ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းဓါတ်ပုံများကို ဦးဇော်နိုင်၏ Viber မှတစ်ဆင့် အဆိုပါ ညွှန်မှူးချုပ်ဆိုသူ၏ ဖုန်းနံပါတ်သို့ ပေးပို့ခဲ့ရကြောင်း သိရှိရသည်။ ဆက်လက်၍ မေလ ၂၂ ရက်နေ့တွင် လူကြီးလက်မှတ်ထိုးခနှင့် စာရေးမအတွက်ဟုဆိုကာ ငွေများအတင်းအကျပ် လွှဲခိုင်းခဲ့သဖြင့် ဦးဇော်နိုင်က ညောင်လိန်ကျေးရွာရှိ ငွေလွှဲဆိုင်မှတစ်ဆင့် စုစုပေါင်း ငွေကျပ် (၃၆)သိန်းကို WavePay နှင့် KPay အကောင့်အသီးသီးသို့ လွှဲပေးခဲ့ရကြောင်း၊ ငွေများလွှဲပြီးသည့်နောက်တွင် ဦးဇော်နိုင်မှ ညွှန်မှူးချုပ်ဆိုသူအား ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ပုသိမ်မြို့တွင် တွေ့ဆုံရန်ပြောဆိုခဲ့ပြီး ဖုန်းချသွားခဲ့ကြောင်း၊ ၎င်းနောက် အဆိုပါ ညွှန်မှူးချုပ်၏ ဖုန်းအား အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိပါသဖြင့် (၂၇.၅.၂၀၂၆)ရက်နေ့တွင် နစ်နာသူ ဦးဇော်နိုင်က လပွတ္တာမြို့မရဲစခန်း (ပ) ၂၆/၂၀၂၆၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဂ)ဖြင့် အမှု ဖွင့်လှစ်ထားရှိပြီး၊ ပြစ်မှုကျူးလွန်သူတရားခံအား ဖမ်းဆီးရမိရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆက်လက်စုံစမ်း ဖော်ထုတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ယခုအခါ အွန်လိုင်းမှတဆင့်ငွေလိမ်လည်မှုများ များပြားလာလျက်ရှိရာ ပြည်သူများအနေဖြင့် အထူးသတိထားကြရန်လိုအပ်ပါသည်။ လိမ်လည်သူများသည် Facebook Messenger, Viber နှင့် ဖုန်းဆက်သွယ်မှုများမှတစ်ဆင့် Kpay၊ Wave Pay အကောင့်များအသုံးပြုကာ ငွေလွှဲခိုင်း ခြင်းများ ပြုလုပ်နေကြောင်း သိရှိရသဖြင့် ပြည်သူများအနေဖြင့် မသိသူထံ ငွေလွှဲခြင်းမပြုလုပ်ကြရန် သတိပေးအပ်ပါသည်။