ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ကန်ကြီးထောင့်မြို့နယ်တွင် ပြုလုပ်သည့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ဖြန့်ဖြူးပေးအပ်ပွဲနှင့် ကြဲပက်ခြင်းအခမ်းအနား တက်ရောက်

ပုသိမ် မေ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားကျေးရွာ၊ ရွှေကွင်းသာယာခန်းမတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ဖြန့်ဖြူးပေးအပ်ပွဲနှင့် ကြဲပက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူတက်ရာက်၍ မျိုးစေ့ပေးအပ်ကြဲပက်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံဖြစ်သည့်အလျောက် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေဖို့ရန်အတွက် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဟာ အဓိကအခန်းကဏ္ဍမှပါဝင်လျက်ရှိပါကြောင်း၊ စိုက်ပျိုးသီးနှံများ အထွက်နှုန်း တိုးတက်စေရေးဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်းဆိုသည့် အခြေခံကျသည့် နည်းလမ်း (၄)သွယ်ဖြင့်ဆောင်ရွက်ရမည်ဖြစ်ပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေဆီဩဇာများ မခမ်းခြောက်ရလေအောင် အာဟာရဓာတ်များ ပြန်လည်ဖြည့်တင်းပေးနေရမည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှာ မိုးစပါးဧက(၃၇)သိန်းဝန်းကျင် နှစ်စဉ်စိုက်ပျိုးဆောင်ရွက်လျက် ရှိရာမှာ ရေတော်မိုးတော်နှင့် အခြေအနေပေးသည့်လယ်မြေများတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကို ကြဲပက်ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်းနှင့် သစ်စိမ်းမြေဩဇာနှင့် သဘာဝ မြေဩဇာများကိုကျယ်ကျယ်ပြန့်ပြန့် အသုံးပြုစေလိုကြောင်း” ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးက စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေးဆောင်ရွက်နေမှုများ၊ စက်သုံးဆီများကို ရည်ညွှန်းဈေးနှုန်းများ ဖြင့်ရောင်းချပေးနေမှုများ၊ တောင်သူများစက်သုံးဆီလုံလောက်စွာရရှိရေးအတွက် ဆောင်ရွက် ထားရှိများကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက တောင်သူများထံ ဓာတ်မြေဩဇာဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တောင်သူများ၏တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ တာဝန်ရှိသူ များနှင့်အတူ တောင်သူများထံသို့ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့များပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများက ကောက်ရိုး၊ ဗေဒါ၊ နွားချေး၊ ဖွဲနု၊ EM အပြင်းများရောစပ်၍ EMဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်းနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်း အသုံးပြုခြင်းများဖြင့် လယ်မြေများအတွင်း မြေဆီလွှာဖွံ့ဖြိုးတိုးတက်မှုများရရှိနိုင်သည့် အကျိုးကျေးဇူးများအား ရှင်းလင်းတင်ပြမှုကို ကြည့်ရှုအားပေးခဲ့ပြီးနောက် တောင်သူဦးမျိုးမြင့်၏ စိုက်ဧက(၃)ဧကတွင်ပြုလုပ်သည့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်ပွဲသို့တက်ရောက်၍ ဌာနဆိုင်ရာများ၊ တောင်သူများနှင့်အတူ ကြဲပက် ပေးခဲ့သည်။

14-May-2026