ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်
ပုသိမ် မေ ၁၂
၂၀၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အမျိုးသားဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပုသိမ်ခရိုင်အသင်းနှင့် မြောင်းမြခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုပြုလုပ်ရာ အမျိုးသားဘော်လီဘောပြိုင်ပွဲနှင့် အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတို့တွင် ဒုတိယဆုရရှိသည့် မြောင်းမြခရိုင် အမျိုးသားအသင်းနှင့် အမျိုးသမီး အသင်းအား တစ်ဦးချင်းဆုတံဆိပ် များနှင့်ငွေသားဆုကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်တို့ကလည်းကောင်း၊ နေရာအလိုက် အကောင်းဆုံးဆုရရှိသည့် အားကစားသမားများအား ဆုတံဆိပ်နှင့်ငွေသားဆုကို တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကလည်းကောင်း၊ ပထမဆုရရှိသည့် ပုသိမ်ခရိုင် အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုနှင့်ဆုဖလားတို့ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ဆုရရှိသည့်အသင်းများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။