ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်
ပုသိမ် မေ ၈
၂၀၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်း အားကစားခန်းမတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့ ကျင်းပပြုလုပ်သည့် ပြိုင်ပွဲ၏ရည်ရွယ်ချက် များသည် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ ဘော်လီဘောအားကစားသမားများ အချင်းချင်း ချစ်ကြည် ရင်းနှီးမှု ရရှိစေရန်၊ ခရိုင်တစ်ခုနှင့်တစ်ခု အပြန်အလှန် ပူးပေါင်းဆောင်ရွက် လာနိုင်စေရန်စသည့် ရည်ရွယ်ချက်များအပြင် တိုင်းဒေသကြီးကိုယ်စားပြု ထူးချွန် ထက်မြက် သော မျိုးဆက်သစ်ဘော်လီဘော အားကစားသမားကောင်းများ ပေါ်ထွက်လာရေးနှင့် တိုင်းဒေသကြီး/ပြည်နယ် ဘော်လီဘောပြိုင်ပွဲတွင် အောင်မြင်မှုများရရှိစေရေးအတွက်ပဲ ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် မိမိတို့၏ ခရိုင်၊ မိမိတို့တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများဖြစ်အောင် ကြိုးစား ဆောင်ရွက်ကြရန်လိုပါကြောင်း” တိုက်တွန်းပြောကြားပြီး ၂၀၂၆ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင် ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက တိုင်းဒေသကြီး ဝန်ကြီးချုပ်အား အလေးပြုခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကာ ဘော်လီဘောလုံးများပေးအပ်ခဲ့ပြီး အနောက်တောင် တိုင်းစစ်ဌာနချုပ် စစ်တီးဝိုင်းအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ယင်းနောက် စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဌာန် (၄)ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြ ပြီးနောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသည့် ပုသိမ်ခရိုင်နှင့် မြောင်းမြခရိုင် အမျိုးသား ဘော်လီဘောအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ယခုလ(၇)ရက်နေ့မှ (၁၀)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အမျိုးသားအသင်း(၈)သင်းနှင့် အမျိုးသမီးအသင်း(၆)သင်းတို့က ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရှိရပါသည်။