ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆ ခုနှစ်၊ လူရည်ချွန်စခန်း (ချောင်းသာ၊ ငွေဆောင်) မှ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံပွဲသို့ တက်ရောက်
ပုသိမ် မေ ၈
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နေ့လယ်ပိုင်းတွင် ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင်ပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ လူရည်ချွန်စခန်း (ချောင်းသာ၊ ငွေဆောင်)မှ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က "၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအဖြစ် ရွေးချယ်ခံရသည့် အခြေခံပညာအဆင့် ဧကာဒသမတန်းလူရည်ချွန် (၁၃၃)ဦး၊ အဆင့်မြင့်ပညာအဆင့် ပထမနှစ်နှင့်ဒုတိယနှစ် လူရည်ချွန်(၂၉၁)ဦး တို့အတွက် များစွာဂုဏ်ယူမိပါကြောင်း၊ လူရည်ချွန် မောင်တို့၊ မယ်တို့သည် ပညာခေတ်တွင် နိုင်ငံတော်အတွက် အကျင့်စာရိတ္တနှင့် အရည်အသွေးမြင့်မားသော လူ့စွမ်းအားအသစ်များအဖြစ် အမျိုးသားပညာရည် မြင့်မားရေး အတွက် ဆထက်ထမ်းပိုးတိုး၍ ဆောင်ရွက်ကြမည့်သူများ ဖြစ်ကြပါကြောင်း၊ လူရည်ချွန် မောင်/မယ်တို့အနေဖြင့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ အဘက်ဘက်တွင် ပြီးစုံနေသည့် နိုင်ငံ့သားကောင်းများအဖြစ် တိုင်းပြည်တာဝန်များကို ကျရာနေရာမှ တာဝန်ယူဆောင်ရွက်နိုင်သည့် လူတော်၊ လူကောင်းလေးများ ဖြစ်အောင် ဆက်လက်ကြိုးစားကြစေလိုကြောင်း”တိုက်တွန်း အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လူရည်ချွန်မောင်မယ်များနှင့် လူရည်ချွန်ကြီး များအတွက် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ရာ လူရည်ချွန်မောင်မယ်လေးများကိုယ်စား လူရည်ချွန်မောင်မယ်နှစ်ဦးနှင့် လူရည်ချွန်ကြီးနှစ်ဦးက လက်ခံရယူခဲ့ပါသည်။ ထို့နောက် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် လူရည်ချွန်မောင်မယ်များနှင့်အတူ နေ့လည်စာ အတူတကွ သုံးဆောင်ခဲ့ကြသည်။