ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်စခန်း(ချောင်းသာ) ဖွင့်ပွဲအခမ်းအနားတက်ရောက်
ပုသိမ် မေ ၇
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လူရည်ချွန်စခန်း (ချောင်းသာ)စခန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့်အတူ လူရည်ချွန်စခန်း(ချောင်းသာ)မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ထို့နောက် AKARIZ (ဧကရာဇ်) ဟိုတယ်၌ အခမ်းအနားကို ဆက်လက်ပြုလုပ်ရာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များက ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အလံအား အလေးပြုကြပြီးနောက် လူရည်ချွန်မောင်မယ်များက “စခန်းနွေမွန်လူရည်ချွန်" သီချင်းဖြင့်ဂုဏ်ပြုသီဆို၍အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “အဆင့်မြင့် ပညာအဆင့် ပထမနှစ်လူရည်ချွန်များကို ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကစတင်ပြီး ပြန်လည် ရွေးချယ်ခဲ့ကာ ယခုနှစ်တွင် ပထမနှစ်နှင့် ဒုတိယနှစ်လူရည်ချွန်မောင်မယ်များကို ချောင်းသာ အပန်းဖြေစခန်းတွင် ပထမဆုံးအကြိမ်အဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ လူရည်ချွန်စခန်းများသို့သွားရောက်ခြင်းအားဖြင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ လူရည်ချွန် မောင်မယ်များအနေဖြင့် လေ့လာရေးခရီးစဉ်တွင် ရင်းနှီးခင်မင်မှု ရရှိ စေခြင်း၊ အများနှင့်ပူးပေါင်း ပါဝင်ဆောင်ရွက်တတ်ခြင်း၊ ဒေသန္တရ ဗဟုသုတများဖလှယ်ခွင့်ရရှိစေခြင်း စသည့်အကျိုး ကျေးဇူးများကိုရရှိမည်ဖြစ်ပါကြောင်း၊ လူရည်ချွန်မောင်မယ်တို့သည် နိုင်ငံတော်အတွက် အားထားရသည့် အနာဂတ် သားကောင်းရတနာများဖြစ်အောင် စံနမူနာပြအဖြစ် မရပ်မနား ဆက်လက်ကြိုးစားသွားကြရန်လိုပါကြောင်း” အဖွင့်အမှာစကားများ ပြောကြားခဲ့သည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အမှာစကားဆက်လက် ပြောကြားခဲ့ပြီး လူရည်ချွန်စခန်း(ချောင်းသာ)စခန်းမှူးက လူရည်ချွန်စခန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လူရည်ချွန်မောင်/မယ် များအား ရင်ထိုးတံဆိပ်များအား တစ်ဦးချင်းစီ ဂုဏ်ပြုချီးမြှင့်အပ်နှင်းခဲ့ပြီးနောက် လူရည်ချွန် မောင်မယ်များနှင့် လူရည်ချွန်ကြီးများက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပုသိမ်တက္ကသိုလ်မှ ကျောင်းသူလေးများ၏ “ မမပုသိမ်သူ” သီချင်းဖြင့်ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များ၊ လူရည်ချွန်မောင်/မယ်များသည် စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြကာ လူရည်ချွန်မောင်မယ်များအားနေ့လယ်စာဖြင့်တည်ခင်း ဧည့်ခံခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်လူရည်ချွန်စခန်းတွင် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ ဧကာဒသမတန်း လူရည်ချွန်မောင်မယ်(၁၃၃)ဦး၊ ချောင်းသာလူရည်ချွန်စခန်းတွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ အဆင့်မြင့်ပညာအဆင့် လူရည်ချွန်မောင်မယ်(၂၉၁)ဦးနှင့် ကြီးကြပ် ဆရာ၊ ဆရာမများက မေလ(၆)ရက်နေ့မှ မေလ(၁၀)ရက် နေ့နံနက်ပိုင်းအထိ ယာယီစခန်းချ နေထိုင်သွားမည်ဖြစ်ပြီး ခရီးစဉ်တစ်လျောက် အဆင်ပြေချောမွေ့စွာ သွားလာနေထိုင်နိုင်ရေး အတွက် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။