ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆ ခုနှစ်၊ ဧကာဒသမတန်း လူရည်ချွန်စခန်း(ငွေဆောင်)ဖွင့်ပွဲအခမ်းအနားတက်ရောက်
ပုသိမ် မေ ၇
၂၀၂၆ ခုနှစ်၊ ဧကာဒသမတန်းလူရည်ချွန်စခန်း(ငွေဆောင်)နှင့် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်စခန်း (ချောင်းသာ) စခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစခန်းများ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ် စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူရည်ချွန် မောင်/မယ်များ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ၂၀၂၆ ခုနှစ်၊ လူရည်ချွန်စခန်း (ငွေဆောင်)မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့သည်။ ယင်းနောက် ယမုံနာဦးဟိုတယ်ခန်းမတွင် အခမ်းအနားအား ဆက်လက်ပြုလုပ်ရာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များက ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အလံအား အလေးပြုကြပြီးနောက် လူရည်ချွန်မောင်မယ်များက “လူရည်ချွန်စွမ်းအား”သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် “နိုင်ငံတော်သည် “ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် လိုအပ်သည့် လူစွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍမြှင့်တင်ရေး" ကို လူမှုရေး ဦးတည်ချက်အဖြစ် ချမှတ်ထားပါကြောင်း၊ နိုင်ငံတော်မှ ဘက်စုံထူးချွန်သည့် ကျောင်းသား လူငယ်များအတွက် ဂုဏ်ပြုချီးမြှင့်သည့် အစီအစဉ်များကို ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့ ပါကြောင်း၊ လူရည်ချွန်မောင်မယ်များအနေဖြင့် ဝိဇ္ဇာနှင့်သိပ္ပံပညာရပ်များကို ကျွမ်းကျင်စွာ တတ်မြောက်မှုရှိရန်၊ ICT နည်းပညာကိုတတ်မြောက်မှုရှိရန်၊ မိမိနိုင်ငံတော်ကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်သည့် နိုင်ငံ့သားကောင်း၊ သမီးကောင်း ရတနာများဖြစ်စေရန်နှင့် မိမိတို့၏ဘဝတိုးတက်စေရန်အတွက် ကိုယ်ရည်ကိုယ်သွေးကျွမ်းကျင်မှုများရှိလာစေရန် အစဉ် သင်ယူ လေ့လာနေရမည် ဖြစ်ပါကြောင်း” အမှာစကားများပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လူရည်ချွန်မောင်/မယ်များအား ရင်ထိုးတံဆိပ်များတစ်ဦးချင်းစီ ဂုဏ်ပြုချီးမြှင့်အပ်နှင်းခဲ့သည်။ ဆက်လက်၍ လူရည်ချွန်စခန်း(ငွေဆောင်) စခန်းမှူးနှင့် လူရည်ချွန်ကြီးများက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူထံများသို့ အမှတ်တရလက်ဆောင်ပစ္စည်းများ ဆက်လက်ပေးအပ်ခဲ့ပြီးနောက် လူရည်ချွန်စခန်းနှင့်ပတ်သက်၍ ငွေဆောင်လူရည်ချွန်စခန်းမှူး က ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူလေးများ၏ ကရင်ဒုံးယိမ်းအကအားကြည့်ရှုအားပေးခဲ့ပြီးနောက် လူရည်ချွန် မောင်မယ်များက “ဇာတိမာန်” သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ လူရည်ချွန်စခန်း(ငွေဆောင်) စခန်း ဖွင့်ပွဲအခမ်းအနားအားရုပ်သိမ်းခဲ့ပြီး လူရည်ချွန်မောင်မယ်များနှင့် စုပေါင်းမှတ်တမ်း ဓါတ်ပုံ ရိုက်ကူးခဲ့ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။