ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးမှ လူရည်ချွန် မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်

ပုသိမ် မေ ၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးမှ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က "ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အခြေခံပညာအဆင့် လူရည်ချွန်မောင်မယ် ၅၈ ဦးနှင့် အဆင့်မြင့် ပညာအဆင့် လူရည်ချွန်မောင်မယ် ၂၃ ဦး၊ ကြီးကြပ်ဆရာဆရာမ ၇ဦးတို့ အနေဖြင့် နေပြည်တော် လူရည်ချွန်စခန်း စုရပ်သို့ သွားရောက်ရမည် ဖြစ်ပါကြောင်း၊ လူရည်ချွန်ဆိုသည်မှာ စာတော်ရုံတင်မကဘဲ ကိုယ်ကာယကျန်းမာကြံ့ခိုင်မှု၊ စာရိတ္တမဏ္ဍိုင် ကောင်းမွန်မှုနှင့် ပေါင်းသင်း ဆက်ဆံရေး ကောင်းမွန်မှုစသည့် အရည်အချင်းအဖုံဖုံနဲ့ ပြည့်စုံသူများကို ခေါ်ဆိုတာဖြစ်ပါ ကြောင်း၊ လူရည်ချွန် မောင်တို့၊ မယ်တို့သည် ပညာခေတ်တွင် နိုင်ငံတော်အတွက် အကျင့်စာရိတ္တနှင့် အရည်အသွေးမြင့်မားသော လူ့စွမ်းအားအသစ်များအဖြစ် အမျိုးသားပညာရည် မြင့်မားရေးအတွက် ဆတက်ထမ်းပိုးတိုး၍ ဆောင်ရွက်ကြမည့်သူများ ဖြစ်ကြပါကြောင်း၊ နိုင်ငံတော်အနေဖြင့် လူရည်ချွန်စီမံကိန်းကို ဖော်ဆောင်ရခြင်း၏ အဓိက ရည်ရွယ်ချက်သည် တိုင်းပြည်အတွက် အားကိုးရမည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးရန်ဖြစ်ပါကြောင်း၊ လူရည်ချွန်စခန်းကို ရောက်ရှိလာကြမည့် တိုင်းနှင့်ပြည်နယ်များမှ တိုင်းရင်းသား ညီအကို မောင်နှမများနှင့် တွေ့ဆုံကြသည့်အခါတွင် အချင်းချင်း ယဉ်ကျေးမှုထုံးဓလေ့များ၊ ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ အပြန်အလှန် ဆွေးနွေးဖလှယ်ကြစေရန်နှင့် အတူတကွ ရင်းနှီး ချစ်ခင်စွာ ပူးပေါင်းနေထိုင်ဆောင်ရွက်တတ်ကြစေရန်အပြင် မိမိတို့၏ တစ်ကိုယ်ရည် ကျန်းမာရေးကို ဂရုပြုရန် အထူးမှာကြားလိုပါကြောင်း၊ မောင်တို့မယ်တို့သည် မျိုးဆက်သစ် ညီငယ်၊ ညီမငယ်များအတွက် စံနမူနာပြများဖြစ်သည့်အတွက် ရှေ့ဆက်ရမည့် အနာဂတ်ခရီး လမ်းတွင်လည်း ယခုကဲ့သို့ ထူးချွန်ထက်မြက်သည့် စိတ်ဓာတ်ကိုအရင်းခံ၍ နိုင်ငံတော်က အားကိုးရသည့် သားကောင်း ရတနာများဖြစ်ကြပါစေကြောင်း” ဂုဏ်ပြုစကားများပြောကြားပြီး လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား အဆင့်မြင့်ပညာနှင့် အခြေခံပညာတို့မှ လူရည်ချွန်မောင်မယ်များက မိတ်ဆက်တင်ပြခဲ့ပြီး အခြေခံပညာမှ လေးထပ်ကွမ်းလူရည်ချွန်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ လူရည်ချွန် မောင်မယ်များကို လဖက်ရည်ဝိုင်းဖြင့် ဂုဏ်ပြုဧည့်ခံခဲ့ကြောင်းသိရသည်။

01-May-2026