ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်( ဗုဒ္ဓနေ့) ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ညောင်ရေသွန်းလောင်းပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဧပြီ ၃၀

ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)တွင် မြတ်စွာဘုရားနှင့် ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှ ဘုရားအမှူးပြုသော သံဃာတော် (၁၀၈)ပါး၊ သီလရှင်(၁၀) ပါး စုစုပေါင်း (၁၁၉)ပါး တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားကို ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ် စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ သို့တက်ရောက်ခဲ့ကြကာ "နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီးနောက် အခမ်းအနားမှူးက “မဟာဗောဓိ ရုက္ခောဒကပူဇာ” ဂါထာတော်ကိုရွတ်ဖတ်ပူဇော်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက သတ်မှတ်နေရာများတွင် နေရာယူကြပြီး အခမ်းအနားမှူးမှ “ဇယောဟိဗုဒ္ဓဿ”ဂါထာတော်များ ရွတ်ဖတ်ပူဇော်ပြီးသောအခါ မဟာဗောဓိပင် ညောင်တော်အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြပြီးနောက် အခမ်းအနားမှူးက အောင်ဆုမင်္ဂလာအမျှဝေစာတမ်းဖတ်ကြား၍ အမျှဝေခဲ့ကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

30-Apr-2026