ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်( ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် ရေစက်ချမင်္ဂလာအခမ်းအနားတက်ရောက်

ပုသိမ် ဧပြီ ၃၀

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော် ဗုဒ္ဓါဘိသေကအနေကဇာ တင်ခြင်းနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ ဦးမောင်ကြီး အာရုံခံတန်ဆောင်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးသည် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ ဦးမောင်ကြီးတန်ဆောင်းတွင် ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ပူဇော်ခဲ့ကြကာ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်းနှင့် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားအား ကြွရောက်တော်မူလာကြသော ဩဝါဒစရိယ ဆရာတော်ကြီးများက ဗုဒ္ဓဘိသေက အနေကဇာ တင်တော်မူကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများက သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ရေစက်ချမင်္ဂလာအခမ်းအနားကိုကျင်းပရာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဩဝါဒါ စရိယ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကကိုးပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များထံသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ် များက အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ“ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

30-Apr-2026