ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် လပွတ္တာမြို့နယ်၊ ရွှေကျွန်းသာဒေသ မြေလွတ်မြေလပ် မြေရိုင်းလုပ်ပိုင်ခွင့်လက်မှတ်ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၆.၇.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော တောင်သူလယ်သမားများနှင့်အတူ လပွတ္တာမြို့နယ်၊ ရွေးနဒီခန်းမ၌ ကျင်းပပြုလုပ်သော လပွတ္တာမြို့နယ်၊ ရွှေကျွန်းသာဒေသ မြေလွတ်မြေလပ် မြေရိုင်းလုပ်ပိုင်ခွင့်လက်မှတ်ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကာ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ဒီကနေ့ အခမ်းအနားသည် လပွတ္တာမြို့နယ်၊ ရွှေကျွန်းသာဒေသ၊ သစ်တောပယ်ဖျက်မြေများအား မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေနှင့်အညီ တောင်သူများထံသို့ လုပ်ပိုင်ခွင့်ပေးအပ်သွားမည့် အခမ်းအနားဖြစ်ပြီး တောင်သူများ၏ မြေလွတ်၊ မြေရိုင်း လုပ်ပိုင်ခွင့်လျှောက်ထားတဲ့အပေါ်မှာ ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေ၊ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်သူများကို လုပ်ပိုင်ခွင့်ပေးသွားမှာဖြစ်ပါကြောင်း၊ လုပ်ပိုင်ခွင့်ရရှိမည့် တောင်သူများအနေဖြင့် စည်းကမ်းချက်များ တိကျစွာ လိုက်နာဆောင်ရွက်ရန်နှင့် သို့မှသာ လယ်ယာမြေဥပဒေပုဒ်မ (၃၄)အရ လယ်ယာမြေအဖြစ် ပြောင်းလွှဲလျှောက်ထားခွင့်ရရှိပြီး ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေပါ အခွင့်အရေးများကို ရရှိခံစားသွားရမှာဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် အစဉ်တစိုက် ကြိုးစားအားထုတ် သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ပိုင်ခွင့်လက်မှတ်များအား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ မြေလွတ်၊ မြေလပ်၊ မြေရိုင်း (၁၉၆၁)ဧကအား တောင်သူ (၂၆၆)ဦးထံသို့ ပေးအပ်ခဲ့ပါသည်။

15-Aug-2018