ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မအူပင်မြို့ရှိ ငလျင်ဘေးဒဏ်ခံရသော နေရာများအား သွားရောက်ကြည့်ရှု၊ ပုသိမ်-ရန်ကုန်လမ်းပိုင်း ပြုပြင်ဆောက်လုပ်နေနေမှုများအားကြည့်ရှုစစ်ဆေး

ပုသိမ် မတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ယခုလ (၅)ရက်နေ့က အင်အား ရစ်(ခ်)တာစကေး(၅.၁)ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်ခပ်ခဲ့သဖြင့် မအူပင်မြို့နယ်အတွင်း သာသနိကအဆောက်အဦများ၊ ဌာနဆိုင်ရာရုံးနှင့် အဆောက်အဦများ၊ စာသင်ကျောင်း၊ နေအိမ်များအက်ကွဲခြင်း၊ ပြိုကျခြင်းတို့ဖြစ်ပေါ်ခဲ့ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီနှင့်သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များက ပြန်လည်လည်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းတွင် သာသနိကအဆောက်အဦးများ၊ ဌာနဆိုင်ရာရုံးနှင့် အဆောက်အဦများ၊ စာသင်ကျောင်း၊ နေအိမ်များ ပြန်လည်ပြင်ဆင်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့မှု အခြေအနေများနှင့် ပြန်လည်ပြင်ဆင်နေမှုများ၊ ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး ခဲ့သည်။ ထို့အတူ မအူပင်ခရိုင်မြေစာရင်းဦးစီးဌာနရုံးတွင် အဆောက်အဦထိခိုက်ပျက်စီးမှုအား လည်းကောင်း၊ စိမ်းမြကန်သာသတ္တဌာနဘုရားမုခ်ဦးနှင့် စေတီတော်ထိခိုက်ခဲ့မှုများနှင့် ပြန်လည် ပြင်ဆင်ဆောင်ရွက်မည့်အခြေအနေများအားလည်းကောင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့မှုများနှင့် ပြန်လည်ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများ ရှင်းလင်း တင်ပြမှုအပေါ် ပြန်လည်ပြင်ဆင်တည်ဆောက်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့ပြီး ဂေါပကအဖွဲ့ထံ အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ မအူပင် ခရိုင်တရားရုံးနှင့်ဝန်ထမ်းအိမ်ရာများ နံရံအက်ကွဲမှုများ၊ ထိခိုက်ပျက်စီးမှုများနှင့် မအူပင်ခရိုင် အကျဉ်းထောင်တွင် အုတ်နံရံများအက်ကွဲမှုများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ထိခိုက်ပျက်စီးမှုများအား စနစ်တကျတွက်ချက်တင်ပြရန်၊ အန္တရာယ်ရှိရာနေရာများအားသွားလာအသုံးပြုမှုမရှိစေရေး ကန့်သတ်ဆောင်ရွက်ထားရန်၊ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံးပြန်လည် ဆောင်ရွက်စေရန်မှာကြားခဲ့သည်။ ထို့နောက် အမှတ်(၃)ရပ်ကွက် အောင်ရတနာစျေးရှိ ဦးခင်မောင်ညွှန့်၏ နေအိမ်အုတ်နံရံများအက်ကွဲမှုများအားလည်းကောင်း၊ POLYTECHNIC UNIVERSITY(MAUBIN) တွင် စာသင်ဆောင်နံရံများအက်ကွဲမှုတို့အားလည်းကောင်း ကြည့်ရှု စစ်ဆေးခဲ့ပြီး ကျောင်းသားကျောသ်းသူများနှင့်တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာပေးအပ်ခဲ့ပြီးနောက် ဆရာ၊ဆရာမများနှင့်တွေ့ဆုံ၍ သင်ကြားရေးလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ပြီး ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်-ပုသိမ်လမ်းပေါ်ရှိ တံတားအမှတ်(၁/၁ဝ၆) အပင်နှစ်ဆယ်တံတား (၂၂၀)ပေ၊ မူလ(၂)လမ်းသွားမှ (၄)လမ်းသွား သံကူကွန်ကရစ်တံတားအဖြစ် တိုးချဲ့တည်ဆောက် ခြင်းလုပ်ငန်း၊ တံတားလက်ရန်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တံတားဆိုင်ရာအချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်ကာကာအတွင်း ပြီးစီးစေရေးအတွက် နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ လူအင်အား စက်အင်အားဖြင့် အင်တိုက်အားတိုက်ဆောင်ရွက်ရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ်လမ်း မိုင်(၁၀၅/၅-၁၀၈/၄) အတွင်း (၄၈)ပေအကျယ် ကတ္တရာကွန်ကရစ်လမ်း တိုးချဲ့တည်ဆောက်နိုင်ရန်အတွက် လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ရန်ကုန်-ပုသိမ်လမ်းပေါ်ရှိ တံတားအမှတ်-၁/၁၀၈ ကိုးဆူတံတား (၈၈ ပေ)၊ မူလ(၂)လမ်းသွားမှ (၄)လမ်းသွားသံကူကွန်ကရစ်တံတားအဖြစ် တိုးချဲ့တည်ဆောက်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှု များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်းပြီးစီးစေရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။