တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် Grade-5 မှ Grade-9အထိ ကျောင်းသား၊ ကျောင်းသူများ၏အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲအား ကြည့်ရှုအားပေး၊ ပုသိမ်တက္ကသိုလ် ဓမ္မာရုံစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင့်လေ့ကျင့်နေမှုကြည့်ရှုစစ်ဆေး

ပုသိမ် နိုဝင်ဘာ ၂၃
၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် Grade-5မှ Grade-9အထိ ကျောင်းသား၊ ကျောင်းသူများ၏အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမနှင့် ယင်းမာဆောင်၊ သဇင်ဆောင်များ၌ ကျင်းပလျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ယင်းမာဆောင်နှင့် သဇင်ဆောင်တို့တွင် Grade-5မှ Grade-9အထိ ကျောင်းသား၊ ကျောင်းသူများ၏ သင်္ချာစွမ်းရည်ပြိုင်ပွဲဝင်ရောက်ဖြေဆိုမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ ရတနာတန်ဆောင်ခန်းမတွင် အင်္ဂလိပ်စာစွမ်းရည် ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ တိုင်းဒေသကြီးအဆင့် Grade-5မှ Grade-9အထိ ကျောင်းသား၊ ကျောင်းသူများ၏ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ တစ်မြို့နယ်လျှင် Grade-5မှ Grade-9အထိ ကျောင်းသားတစ်ဦး၊ ကျောင်းသူ တစ်ဦးစီဖြင့် ရွေးချယ်ယှဉ်ပြိုင်၍ ဗဟိုအဆင့်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယရရှိသူများမှ ပထမရရှိသူများကို ပြန်လည်ရွေးချယ်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ် ဓမ္မာရုံသို့ သွားရောက်၍ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်ပြည်သူများပူပေါင်း၍ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ခြုံနွယ်များခုတ်ထွင် ရှင်းလင်းနေများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေးကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်သွားရန်နှင့် မြို့သန့်ရှင်းသာယာလှပစေရေး အစဉ်တစိုက် ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ယင်းနောက် ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမသို့သွားရောက်၍ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်နေသည့် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းအသင်း၏ လေ့ကျင့်နေမှုများနှင့် ကိုးသိန်းအားကစားကွင်းတွင် ခရစ်ကတ်အသင်းတို့၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ေအာင်မြင်မှုများရရှိစေရေး ကြိုးစားကြရန်၊ နည်းပြများမှ စနစ်တကျလေ့ကျင့်ပြင်ဆင်ပေးကြရန်နှင့် အစားအသောက်နှင့်ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ကြရန် မှာကြားခဲ့ ကြောင်းသိရသည်။