ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းအပ်နှံရေး၊ အခြေခံပညာကျောင်းများအဆင်သင့်ဖြစ်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး၊ အခြေခံပညာကျောင်းများ အဆင်သင့်ဖြစ်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးပညာရေးမှူးရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများသည် ပညာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နေသူများ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှု၊ အတန်းစဉ်ကူးပြောင်းမှုနှင့် အောင်ချက်မြင့်မားသော တိုင်းဒေသကြီးဖြစ်ပြီး ပညာရေးကဏ္ဍ တိုးတက်မြင့်မားကာ လူ့စွမ်းအားအရင်းအမြစ်များစွာ မွေးထုတ်ရာ တိုင်းဒေသကြီးလည်း ဖြစ်ပါကြောင်း၊ အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းတာဝန်ထမ်းဆောင်မည့် လူငယ်လူရွယ်များအား ပြုစုပျိုးထောင်ပေးရမည်ဖြစ်ပြီး ကလေးငယ်များ၏ ပညာသင်ယူမှုအခွင့်အလမ်းများမဆုံးရှုံးရအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျေးလက်နေပြည်သူများအတွက် ဗဟုသုတ ရရှိစေမည့် စာအုပ်စာစောင်များ ထားရှိရမည်ဖြစ်ကြောင်း၊ ကျောင်းဖွင့်ရာသီ နီးကပ်နေပြီ ဖြစ်သဖြင့် ကျောင်းအဆောက်အဦများ ဥပဓိရုပ်ကောင်းမွန်ရေး၊ ပရိဘောဂများ ပြည့်စုံစေရေးနှင့် ကျောင်းသန့်ရှင်းရေးလုပ်ငန်းများအား ကြိုတင်ဆောင်ရွက်ထားကြရန်လိုကြောင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အခြေခံပညာ ကျောင်းများမှ ပါဝင်ယှဉ်ပြိုင် နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများရှိစေရေးနှင့် တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက် အားထားရမည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက်လည်း ကျောင်းပေါင်းစုံအားကစား ပြိုင်ပွဲများပြုလုပ်၍ လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်စေရေးနှင့် အတန်းစဉ်ကူးပြောင်းမှုများ မကျန်ရှိစေရေးအတွက် ဆရာ၊ မိဘ၊ အုပ်ချုပ်ရေးအဖွဲ့ များက ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်းနှင့် အခက်အခဲများရှိပါကလည်း တင်ပြပေးကြစေလိုကြောင်း” မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးပညာရေးမှူးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဆောင်ရွက်မည့် ပညာရေးဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၈)ခရိုင်မှ ခရိုင်ပညာရေးမှူးများနှင့် မြို့နယ်ပညာရေးမှူးများက ပညာရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက ဆရာ၊ ဆရာများ၏ ဝတ်စားဆင်ယင်မှု၊ မိမိသင်ကြားသည့်ဘာသာရပ်များ ကျွမ်းကျင်ပိုင်နိုင်ရေး၊ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်ရေး၊ ကျောင်းအဆောက်အဦများ ဥပဓိရုပ်ကောင်းမွန်ရေးကိစ္စများကို အသီးသီးရှင်းလင်းဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

15-May-2024