ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်္သာတခရိုင်အတွင်းဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများကွင်းဆင်း​ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ရွှေငြိမ်းအေးကျောင်းတိုက် စာသင်ဝိုင်းသို့သွားရောက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် တိုင်းရင်းသားပြည်သူများအား စာသင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် စာသင်သားများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် စာအုပ်များ ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တလုတ္ထော်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်၍ ကိုယ့်အားကိုယ်ကိုး ကျောင်းစာကြည့်တိုက် ဆောက်လုပ်နေမှုကို ကြည့်ရှုအား​ပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း​ဆောင်ရွက်​ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာရှိ ဖြတ်တာတည်ဆောက်‌နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖောင်ဆိပ်ကျေးရွာအနီး နှစ်အလိုက်မြစ်ကမ်းပါးနှင့် တာတမံအခြေအနေများ၊ အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများ၏ကမ်းပါးများ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် နှစ်အလိုက်ကမ်းပါးပြောင်းလဲလာမှုအခြေအနေများ၊ တာလုံး​ရွှေ့ခြင်းလုပ်ငန်း​ဆောင်ရွက်​နေမှုများအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများအား ကမ်းပြို၍ ကိုင်းချောင်းကျေးရွာအုပ်စုသို့ ပြောင်းရွှေ့မည့် အိမ်ရာအကွက်ချထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက အိပ်ပျက်ကျေးရွာအုပ်စုရှိ တာငုတ်၊ ငှက်ပျောတော၊ အုန်းတော၊ ဖောင်ဆိပ်ကျေးရွာများအား ကမ်းပြို၍ ကိုင်းချောင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၃၈၇-ခ)၊ (၁၄၄၁)ကွင်းသို့ ပြောင်းရွှေ့ရန်လျာထားမှုများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်က အိမ်ရာအကွက်ချထားမှုများအား စနစ်တကျဖြစ်​စေ​ရေးမှာကြားခဲ့ပါသည်။

ထို့​နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာအနီးရှိ ဟင်္သာတကမ်းနားတာ တာမိုင်(၅/၄+၁၀၀')နှင့် ဧရာဝတီ-ဟင်္သာတတာ တာမိုင်(၅/၀+၄၅၀')ကြားတွင် အလျား (၀.၆၇၂)မိုင်၊ ထိပ်ဝအကျယ်(၁၄)​ပေ၊ ​အောက်​ခြေအကျယ်(၇၅)​ပေ၊ ပျမ်းမျှအမြင့်(၁၇)​ပေ ရှိ ဖြတ်တာ(၁-င) တည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးတိုင်း​ဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများအား မိုးဦးကျကာလတွင် ​ရေ​ဘေးအန္တရာယ်မဖြစ်​စေ​ရေး​ဆောင်ရွက်ရန်၊ ဖြတ်တာတည်​ဆောက်ခြင်းလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး​ရေးနှင့် ကြံ့ခိုင်မှုရှိ​စေ​ရေး အ​လေးထား​ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ဆီထွက်သီးနှံအထူးဇုန် စိုက်ပျိုးထုတ်လုပ်မည့် အခြေအနေနှင့်ပတ်သက်သည့် ​တောင်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်း​ဒေသကြီးတွင် ဆီထွက်သီးနှံက်စိုက်ပျိုးဖြစ်ထွန်း​အောင်မြင်သည့် ​ဒေသများတွင်မြေပဲ၊ နှမ်း၊ ​နေကြာများကို အင်တိုက်အားတိုက်ဆောင်ရွက်နိုင်​ရေးအတွက် ဇုန်အလိုက်သတ်မှတ်၍ စုဖွဲ့စိုက်ပျိုး​ဆောင်ရွက်မှာဖြစ်​ကြောင်း၊ ဟင်္သာခရိုင်နှင့် မြန်အောင်ခရိုင်အား ဆီထွက်သီးနှံဇုန်(၁)နှင့် မအူပင်ခရိုင်အား ဇုန်(၂)အဖြစ်သတ်မှတ်ထားပါကြောင်း၊ ​ဆီထွက်ထွက်သီးနှံစိုက်ပျိုးမည့် ဇုန် ၂ ခုအပါအဝင် တိုင်း​ဒေသကြီးတစ်ခုလုံ ​အောင်မြင်​အောင် စိုက်ပျိုးရမှာဖြစ်​ကြောင်း၊ တောင်သူ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပညာရှင်များလည်းဖိတ်​ခေါ်​​ဆောင်ရွက်ထားပါ​ကြောင်း၊ တိုင်းဒေသကြီးတွင် ဆီဖူလုံမှုရှိရန် ဆီထွက်သီးနှံစိုက်ဧက များကို တိုးချဲ့စိုက်ပျိုးလျှက်ရှိပါ​ကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် တိုင်း​ဒေသကြီးတွင် ဆီဖူလုံမှုရှိ​စေ​ရေး ရည်မှန်းချက်ထား​ဆောင်ရွက်လျက်ရှိပါ​ကြောင်း၊ နေကြာသီးနံအား သီးညှပ်စိုက်ပျိုးခြင်းထက် သီးသန့်စိုက်ပျိုးခြင်းသည် ပိုမိုဖြစ်ထွန်း​အောင်မြင်သည်ကို​တွေ့ရှိရပါ​ကြောင်း၊ နေကြာသီးနှံ အောင်မြင်ဖြစ်ထွန်းရေးအတွက် ဝတ်မှုံကူးရာတွင် အ​​ထောက်အကူပြုသည့် ပျားမွေးမြူရေးလုပ်ငန်းကိုလည်း​အောင်မြင်​အောင်​ဆောင်ရွက်ရမည်ဖြစ်​ကြောင်း၊ ​ဖွဲနုဆီထုတ်လုပ်နိုင်ရေးအတွက်လည်း ဖွဲနုဆီစက်ရုံများတည်​ထောင်နိုင်​ရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တိုင်း​ဒေသကြီးမှ နှစ်စဥ်ဖွဲနုမက်ထရစ်တန်ချိန် ခြောက်သိန်း​ကျော် ထွက်ရှိပါကြောင်း၊ ဆီထွက်သီးနှံစိုက်ပျိုးရေးနှင့်ပတ်သက်သည့် ထောက်ပံ့မှုများရရှိရန်အတွက်လည်း ​ဆောင်ရွက်​ပေးမည်ဖြစ်ပါ​ကြောင်း၊ စိုက်ပျိုးသီးနှံများပန်းတိုင်အထွက်နှုန်း​ရောက်ရှိ​ရေး၊ ဆီဖူလုံမှုရှိ​စေ​ရေးနှင့် ရည်မှန်းချက်များ​အောင်မြင်​စေ​ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း” အမှာစကားများပြောကြားသည်။

ထို့နောက် ဆီထွက်သီးနှံအထူးဇုန်(၁) တာဝန်ခံက ၂၀၂၄-၂၀၂၅ခုနှစ်၊ ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ) အထူးဇုန်ဧရိယာများ စိုက်ပျိုးထုတ်လုပ် ဆောင်ရွက်ထားရိမှုများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တောင်သူများနှင့် အစည်းအဝေးသို့တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ‌ဆီထွက်သီးနှံအထူးဇုန် စိုက်ပျိုးထုတ်လုပ်မည့် အခြေအနေနှင့်ပတ်သက်၍ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ ဒူးယားမြို့ရှိ သုတရွှေကြယ်စင်စာကြည့်တိုက်သို့ သွားရောက်ကာ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချ၍ စာကြည့်တိုက်၌စာပေလာရောက်ဖတ်ရှုသည့် ကလေးငယ်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စာကြည်တိုက်များတွင် သုတ၊ ရသစာအုပ်စာပေများပိုမိုပြည့်စုံစွာထားရှိရေး၊ တောင်သူများအတွက်အကျိုးပြုစေမည့် စိုက်ပျိုးရေးနှင့်ပတ်သက်သည့် စာအုပ်စာပေများ၊ နေ့စဉ်ထုတ်သတင်းစာများထားရှိရေးနှင့် ရှင်သန်ခိုင်မာသည့် စာကြည့်တိုက်အဖြစ် ဆက်လက်ရပ်တည်နိုင်ရေး၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်​ရေးနှင့် စာဖတ်ရှိန်မြှင့်တင်​ရေးအတွက် စာကြည့်တိုက်ကော်မတီစနစ်တကျဖွဲ့စည်းနိုင်ရန် တာဝန်ရှိသူများက ဝိုင်းဝန်ကူညီဆောင်ရွက်ပေးစေရေးတို့ကိုမှာကြားခဲ့ပြီး စာကြည့်တိုက်အတွက် အလှူငွေများပေးအပ်ရာ စာကြည့်တိုက်မှူးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

14-May-2024