ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်​အောင်ခရိုင်အတွင်း ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများကွင်းဆင်း​ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်​အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြောက်ကျေးရွာအုပ်စုရှိ တောင်သူဦးပြည့်ဖြိုးဟန်၏ စိုက်ဧက(၃)ဧကတွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆင်းသုခစပါး နွေစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်းသူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ စိုက်နည်းစနစ်များ​​ပြောင်းလဲစိုက်ပျိုး​ရေး၊ အထွက်တိုးမျိုး​ကောင်းမျိုးသန့်များစိုက်ပျိုး​ရေး၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များ ထည့်သွင်းစိုက်ပျိုးရေး ကိစ္စရပ်များကိုဆွေးနွေးခဲ့ပြီး ​ဒေသခံ​တောင်သူများ၏ လိုအပ်ချက်များတင်ပြမှုအ​ပေါ် တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်း​ပေါင်းစပ်​ဆောင်ရွက်​ပေးခဲ့ပြီး ဆင်းသုခစပါး နွေစပါးစံကွက်ရိတ်သိမ်းနေမှုများကိုကြည့်ရှုအားပေးခဲ့သည်။ တောင်သူဦးပြည့်ဖြိုးဟန်၏ စိုက်ဧက(၃)ဧကတွင် ဆင်းသုခစပါး နွေစပါးစံကွက်ရိတ်သိမ်းရာတွင် တစ်ဧကအထွက်အထွက်နှုန်းမှာ စပါးအခြောက် (၁၁၁)တင်း ထွက်ရှိခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာရှိ တောင်သူဦးမော်ထွေး၏ စိုက်ဧက(၁၄)ဧကတွင် ပြုလုပ်သည့် ၂၀၂၄ - ၂၀၂၅ ခုနှစ်၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ကြဲပက်ခြင်းနှင့် မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်သည် တောင်သူများအား သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့များ ပေးအပ်ခဲ့ပြီး ဌာနဆိုင်ရာများ၊ တောင်သူများနှင့်အတူ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့များကြဲပက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက နန်ကသူဆည်ရေဖြင့် သုံးသီးထပ်မံစိုက်ပျိုးနိုင်ရန် ရေသွယ်မြောင်းတူးဖော်ခြင်း(၄၄၀၀)ပေ၊ အကျိုးပြုဧက(၉၀)ဧကအတွက် လုပ်ငန်းဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်က သုံးသီးစိုက်တောင်သူများအတွက် စိုက်ပျိုး​ရေလုံ​လောက်စွာရရှိ​ရေးနှင့် အချိန်မီပေးဝေနိုင်ရေး၊ တောင်သူများအနေဖြင့် ဆည်ရေအား အကျိုးရှိစွာသုံးစွဲနိုင်ရေး မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်သစ်တောဦးစီးဌာန(ခြင်ကိုက်ကွင်း+ကွင်းကောက်)ဘိနယ်ပျိုးဉယျာဉ်သို့ သွားရောက်၍ ဌာနဆိုင်ရာများနှင့် လူထုအားဖြန့်ဝေစိုက်ပျိုးနိုင်ရေးအတွက် ပျဥ်းကတိုး၊ ကံ့​ကော်၊ ခ​ရေ၊ ​ရေတမာ၊ ​မျောက်ငို အထူးပျိုးပင် (၂၅၀၀၀)ပျိုးထောင်ထားရှိမှု များကို ကြည့်ရှုစစ်ဆေးပြီး မိုးရာသီကာလအတွင်း ပျိုးပင်များအချိန်မီဖြန့်ဝေနိုင်ရေးနှင့် စိုက်ပျိုးပြီးသည့်ပျိုးပင်များ ရှင်သန်စေရေး အလေးထားလိုက်နာဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

14-May-2024