တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ အခြေခံစစ်ပညာ သင်တန်းဖွင့်ပွဲတက်ရောက်

၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ အခြေခံစစ်ပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အနောက်တောင်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ပုသိမ်တက္ကသိုလ် ပါ​​မောက္ခချုပ်၊ တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အခြေခံစစ်ပညာသင်တန်းများ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်သည် အပျော်တမ်း တပ်ဖွဲ့ဝင်များဖြစ်သည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာကြံ့ခိုင်မှုရှိစေရန် အခြေခံစစ်ပညာသင်တန်းကို လေ့ကျင့်သင်ကြားပေးပြီး နောင်တစ်ချိန်တွင် နိုင်ငံတော်အတွက် အရန်အင်အားစုတစ်ခု တည်ဆောက်ရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခုသင်တန်းသို့တက်ရောက်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိအမြင်များ ကျယ်ပြန့်စွာ ရရှိစေနိုင်ပြီး နောင်တစ်ချိန် လုပ်ငန်းခွင်နယ်ပယ်အသီးသီးသို့ ရောက်ရှိတာဝန်ထမ်းဆောင်ကြသည့်အခါ အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုစေနိုင်မည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် သင်ကြားပေးသည့် စစ်ပညာများကိုမောင်တို့/မယ်တို့အနေဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာတတ်မြောက်အောင်စိတ်ပါဝင်စားစွာဖြင့် လေ့လာ၊ လေ့ကျင့်၊ လိုက်နာသွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ အ​ခြေခံစစ်ပညာသင်တန်းတက်​ရောက်ကြသည့် ဆရာ၊ ဆရာမများ၊ ​ကျောင်းသား​ကျောင်းသူများအတွက် များစွာဂုဏ်ယူဝမ်း​မြောက်ပါ​ကြောင်း၊ တက္ကသိုလ်လေ့ကျင့်ရေးတပ် တပ်ဖွဲ့ဝင်တစ်ဦးအနေဖြင့် စည်းကမ်းကောင်းမွန်ခြင်း၊ ယုံကြည်မှုရှိခြင်း၊ ကြံ့ခိုင်မှုရှိခြင်း၊ အားမာန်နှင့်ဇွဲလုံ့လပြည့်ဝခြင်း၊ စံနမူနာပြနေထိုင်ကျင့်ကြံခြင်းတို့ဖြင့် လေ့ကျင့်သွားကြစေလိုကြောင်း” တိုက်တွန်းအမှာစကားများ ပြောကြားခဲ့ပြီး တပ်ဖွဲ့ဝင် အ​ခြေခံစစ်ပညာသင်တန်းအတွက် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ အနောက်တောင်တိုင်းစစ်ဌာနချူပ်တိုင်းမှူးက သင်တန်းဖွင့်အမှာစကားများ ပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များ၊ တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများသည် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြကြောင်းသိရသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံစစ်ပညာ သင်တန်းအား ပုသိမ်တက္ကသိုလ်၊ ပုသိမ်နည်းပညာတက္ကသိုလ်၊ ပုသိမ်ကွန်ပျူတာတက္ကသိုလ်နှင့် ပုသိမ်ပညာ​ရေးဒီဂရီ​ကောလိပ်တို့မှ ဆရာ၊ ဆရာမ၊ ​ကျောင်းသား​ကျောင်းသူ တပ်ဖွဲ့ဝင်သင်တန်းသား စုစု​ပေါင်း (၁၁၆)ဦးမှ ဆန္ဒပြုတက်​ရောက်ခဲ့ကြ​ပါသည်။

05-Feb-2024