တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ‌ဟောပြောပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာသိကောင်းစရာများ ဟောပြောပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များ၊အခြေခံပညာအထက်တန်း ကျောင်းများမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ဧရာဝတီတိုင်း​ဒေသကြီး၏ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်မြင့်မားရေးအတွက် တက္ကသိုလ်များမှ ပါ​မောက္ခ(ဌာနမှူး) ဆရာကြီး၊ ဆရာမကြီးများနှင့် အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများတွေ့ဆုံ၍ ယနေ့တွင်ဘာသာရပ်ဆိုင်ရာ သိ​ကောင်းစရာ ဟောပြောပွဲများအား ပုသိမ်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်နှင့် မအူပင်တက္ကသိုလ် တို့တွင် ဇုန်ကြီး(၃)ဇုန်ခွဲ၍ ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများအား စောစီးစွာဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် အုပ်ချုပ်ရေးအဖွဲ့များ၊ ဆရာ၊ ဆရာမများ ပူး​ပေါင်း ကြပ်မတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုနှစ်သည် Grade 12 သင်ရိုးသစ် စတင်သင်ကြား​ဖြေဆိုရမည်ဖြစ်သဖြင့် ဆရာ၊ ဆရာမများက ကြိုးစားသင်ကြားပို့ချပေးလျက်ရှိသည်ကို​တွေ့ရှိရပါကြောင်း၊ ဘက်စုံပညာ​ရေးစနစ်အား အ​ကောင်အထည်​ဖော်နိုင်​ရန် ဆရာ၊ ဆရာမများ၏ စွမ်း​ဆောင်နိုင်မှုသည် အလွန်အ​ရေးပါ​သော အခန်းကဏ္ဍမှ ရပ်တည်​နေပါ​ကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် အ​​ခြေခံပညာ​ကျောင်းဖွင့်လှစ်မှုအများဆုံး၊ ​ကျောင်းတက်​ရောက်မှုအများဆုံးနှင့် တက္ကသိုလ်ဝင်စာ​မေးပွဲ​အောင်ချက်​မြင့်မား​သော တိုင်း​ဒေသကြီးဖြစ်ပါ​ကြောင်း၊ ရေခံ၊ မြေခံကောင်းမွန်၍ လူ့စွမ်းအားအရင်းအမြစ်များ ပေါကြွယ်ဝကာ ပညာရေးကဏ္ဍတွင် တိုးတက်မြင့်မားသော တိုင်း​ဒေသကြီး ဖြစ်​သော​ကြောင့် ​ကျောင်းသား၊ ​ကျောင်းသူများ ပညာသင်ယူခွင့်မဆုံးရှုံးစေရေး၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေး အတန်းစဉ်ကူးပြောင်းစေရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင်နှစ် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲအား မဖြေဆိုဖြစ်ခဲ့သူများ၊ ကျရှုံးသူများကိုလည်း ဝင်​ရောက်​ဖြေဆိုခွင့်ပြုထားရာ ​အောင်မြင်စွာ​ဖြေဆိုနိုင်​ရေးအတွက် သင်ကြား​ပေးရမှာဖြစ်ပါ​ကြောင်း၊ ​ကျောင်းသား မိဘများအားလည်း တိုက်တွန်းမှုများပြုလုပ်ရမှာဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးအောင်ချက်မြင့်မားရေးအတွက် ဆရာ၊ ဆရာမများ၏ ဘာသာရပ်ဆိုင်ရာသိကောင်းစရာဆွေးနွေးပေးမှုများသည်များစွာအသုံး၀င်ပါကြောင်း" အမှာစကား ပြောကြားခဲ့ပြီး တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ဆရာ၊ ဆရာမများအတွက် ဂုဏ်ပြုထောက်ပံ့ငွေများအားပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ပုသိမ်တက္ကသိုလ်ဒုတိယပါမောက္ခချုပ်က တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာသိကောင်းစရာများ ဟောပြောပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်အတွင်း ဘာသာရပ်အလိုက်ဟောပြော ဆွေးနွေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။

ဧရာဝတီတိုင်း​ဒေသကြီး၏ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ‌ ဟောပြောပွဲများကို ဇုန်ကြီး ၃ ဇုံခွဲ၍ ကျင်းပပြုလုပ်ရာ ပုသိမ်တက္ကသိုလ်တွင် အ​ခြေခံပညာဆရာ၊ ဆရာမ(၂၄၁၆)ဦး၊ ဟင်္သာတတက္ကသိုလ်တွင် (၉၁၁)ဦး၊ မအူပင်တက္ကသိုလ်တွင် (၁၃၄၈)ဦး စုစု​ပေါင်း ဘာသာရပ်အလိုက် အ​ခြေခံပညာ ဆရာ၊ ဆရာမ(၄၆၇၅)ဦးအား တက္ကသိုလ်များမှ ပါ​မောက္ခ(ဌာနမှူး) ဆရာကြီး၊ ဆရာမကြီးများက ​ဟော​ပြော​​ဆွေး​နွေးပို့ချခဲ့​ပါသည်။

25-Nov-2023