ဧရာဝတီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးပြုလုပ်

ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးအား ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးနှင့် သက်ဆိုင်ရာဌာနများမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် ကမ်းခြေခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များရှိရာ ဒေသများ၊ တိုင်းဒေသကြီးအတွင်း ထင်ရှားသည့် ဘုရား၊ စေတီ၊ ပုထိုးများသို့ ခရီးသွားများနှင့် ဘုရားဖူး ပြည်သူများ လာရောက်လည်ပတ် လေ့လာဖူးမြော်နိုင်ရေးအတွက်လည်း ဆောင်ရွက်ရန်လိုပါ ကြောင်း၊ ကမ်းခြေခရီးသွားလုပ်ငန်းနှင့်ဆက်စပ်၍ ဟိုတယ်လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက် လျက်ရှိပါကြောင်း၊ ဟိုတယ်နှင့် တည်းခိုရိပ်သာအဆောက်အဦများဆောက်လုပ်ရန် လုပ်ငန်းရှင်များ၏တင်ပြမှုများအပေါ် ကော်မတီအနေဖြင့် စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ စစ်ဆေးတင်ပြရန်လိုအပ်ပြီး တာဝန်ရှိသူ အဆင့်ဆင့်က စစ်ဆေးကြပ်မတ်ရန်လိုပါကြောင်း၊ အဆောက်အဦများ ဆောက်လုပ်ရာတွင် မြေအသုံးချမှုနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသူများမှ တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း” အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးရာ ဝန်ကြီးက လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဟိုတယ် လုပ်ငန်းလိုင်စင်ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးတင်ပြရာတွင် ငွေဆောင်ကမ်းခြေဒေသတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရယူ ဆောင်ရွက်လျှက်ရှိသော Center Point Hotel မြေဧရိယာဝန်းအတွင်း RC (၃) ထပ် အဆောက်အဦ (၁) လုံး တိုးချဲ့တည်ဆောက်ခွင့်ပြုပါရန် လျှောက်ထားလာမှု၊ ငွေဆောင် ကမ်းခြေဒေသတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရယူဆောင်ရွက်လျှက် ရှိသော The Village Resort Hotel မြေဧရိယာဝန်းအတွင်း RC (၃) ထပ် အဆောက်အဦ (၁) လုံး တိုးချဲ့ တည်ဆောက် ခွင့်ပြုပါရန် တင်ပြလျှောက်ထားလာမှု၊ ​ချောင်းသာဇုန်ပုဂ္ဂလိက ခရီးသွားလုပ်ငန်း အဖွဲ့အစည်းကိုယ်စားလှယ်တစ်ဦးမှ နှုတ်ထွက်ခွင့် တင်ပြလာမှု၊ စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့် လုပ်ငန်းလိုင်စင်ရယူထားသော တည်းခိုခန်းများအား ဧည့်သည်စာရင်းစီမံခန့်ခွဲမှုစနစ် (GLMS)အသုံးပြုနိုင်ရေးဆောင်ရွက်ရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှပေးပို့သော အကြောင်းကြားစာများအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအဖွဲ့များနှင့် တတ်သိပညာရှင်၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေး ခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်စေရေး ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

24-Nov-2023