ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ တေရသမအကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် တေရသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပရန်အတွက် ပဒေသာပင်များ ပုသိမ်မြို့အတွင်းသို့ လှည့်လည်ခြင်းကို နိုဝင်ဘာလ၂၃ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ ရွှေမုဌောမဟာစေတီတော်မြတ်ကြီး အရှေ့ဘက်မုခ်မှ စတင်ကာ ကုန်သည်လမ်း၊ ကမ်းနားလမ်း၊ မဟာဗန္ဓုလမ်း၊ ပုသိမ်-မုံရွာလမ်းမကြီးမှ အခမ်းအနားကျင်းပမည့် သာသနာ့ဗိမာန်တော်ကြီးသို့ မြို့ပေါ်ရှိဌာနဆိုင်ရာအသီးသီးမှ လာရောက်ပို့ဆောင်ကြသည့် ပဒေသာပင်များနှင့် ရပ်ကွက်နေ ပြည်သူများမှ လာရောက်ပို့ဆောင်သည့် ပဒေသာပင်စုစုပေါင်း(၈၃)ခုအား ဖျော်ဖြေရေးအဖွဲ့ များဖြင့် စည်ကားသိုက်မြိုက်စွာ ပို့ဆောင်ခဲ့ကြသည်။

နိုဝင်ဘာလ(၂၄)ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် တေရသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ် စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်မှ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားအား “နမောတဿ” (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ)မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ဆက်လက်၍ ကထိန်မည်ပုံ၊ ကထိန်ခင်းခြင်းနှင့် စပ်လျဉ်းသည့်အမေး(ကထိနပုစ္ဆာ)ကို မိဂဒါဝုန်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာသီရိ(အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ)အရှင်သူမြတ်ကမေး၍ (ကထိနဝိသဇ္ဇနာ) ကထိန်ခင်းခြင်းအဖြေကို ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဇောတိဿရ MA.Ph.D (India)အရှင်သူမြတ်မှ ဖြေကြားတော်မူသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ကျောင်းထိုင်ဘုန်းကြီးသင်တန်း ကျောင်းတွင် ပုရိမဝါဆိုဝါကပ်၍ ပုရိမဝါမှထတော်မူကြသည့် သံဃာတော်များကိုယ်စား ညောင်ပင်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံ ကထိန်လျာ ဉတ်သင်္ကန်းနှင့် အခြံအရံလှူဖွယ်ပစ္စည်းများအားလည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝန်ကြီးများက ပင့်သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီးတို့က သီလရှင်ဆရာကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်း ခဲ့ကြပြီးနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ရွှေမစိုးရိမ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိဇယ အရှင်သူမြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။

ယင်းနောက် အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကာ ရတနာရွှေမိုး ငွေမိုးများရွာသွန်းဖြိုးခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးများအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ပြီး ဧည့်ပရိတ်သတ်များအား နေ့လယ်စာဖြင့်ဧည့်ခံကျွေးမွေးလှူဒါန်းခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တေရသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများမှ စုပေါင်း လှူဒါန်းသည့် ပဒေသာပင် (၈၃) ခုရှိပြီး ပစ္စည်းတန်ဖိုး (၁၅၇)သိန်းကျော်နှင့် ငွေသားတန်ဖိုး (၂၇၁)သိန်းကျော် စုစုပေါင်းတန်ဖိုး (၄၂၈) သိန်းကျော် စုပေါင်းလှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

24-Nov-2023