၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ တိုင်း​ဒေသကြီးဝန်ကြီးချုပ်တက်ရောက်

၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်​မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသား အားကစားပွဲတော်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏လူမှုရေးဦးတည်ချက် (၁)ရပ်ဖြစ်သည့် တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့်ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်နေသကဲ့သို့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှအခြေခံပညာကျောင်းသား၊ကျောင်းသူ အားကစားသမားများ အချင်းချင်းချစ်ကြည်ရင်းနှီးစွာဖြင့် ယှဉ်ပြိုင်ကစားနိုင်ရေး၊ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်း လာစေရေးတို့အတွက် ရည်ရွယ်ပြီးကျင်းပပြုလုပ်သည့် ပြိုင်ပွဲဖြစ်သည့်အတွက်ပြိုင်ပွဲဝင်ကစားအားသမားများအနေဖြင့် ကစားသမားကောင်းပီသစွာ ယှဉ်ပြိုင်ကစားကြရန်လည်း တိုက်တွန်းလိုပါကြောင်း၊ အားကစားဆိုသည်မှာ ခွန်အားနှင့် ဉာဏ်ရည်ကို စနစ်တကျမှန်ကန်စွာ လှုပ်ရှားစေခြင်းဖြင့် ကျန်းမာပျော်ရွှင်မှုကို ဖြစ်ပေါ်စေသည့် ပညာရပ်ဖြစ်ပါကြောင်း၊ ထိုနည်းတူစွာ အားကစားပြိုင်ပွဲတွင်လည်းအနိုင်အရှုံး တစ်ခုတည်းကိုမူတည်ပြီး ယှဉ်ပြိုင်ခြင်းမဟုတ်ဘဲ ဇွဲရှိမှု၊ သည်းခံမှု၊ကျွမ်းကျင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းဥပဒေကို လေးစားလိုက်နာမှု၊ ယဉ်ကျေးမှု အစရှိသည်တို့ကိုပါ ယှဉ်ပြိုင်ကြရခြင်းဖြစ်သောကြောင့် မိမိဒေသ၏ ဂုဏ်သတင်းကို အားကစား လုပ်ဆောင်ခြင်းဖြင့် မြှင့်တင်နိုင်အောင် ကြိုးစားယှဉ်ပြိုင်သွားကြရန် အလေးအနက်ထား တိုက်တွန်းပြောကြားလိုပါကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် မိမိတို့ခရိုင်၊ မိမိတို့တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်ပြီး နိုင်ငံ့လက်ရွေးစင် ကစားသမားများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ ကျန်းမာပျော်ရွှင်မှုရှိမှသာ အောင်မြင်အောင် ကြိုးစားဆောင်ရွက်နိုင်မှာဖြစ်သည့်အတွက် အုပ်ချုပ်သူများ၊ နည်းပြ များနှင့် တာဝန်ရှိသူအားလုံးက ပြိုင်ပွဲဝင်အားကစားသမားများ၏ ကျန်းမာရေး ကောင်းမွန်ရေး၊ ဘေးကင်းလုံခြုံမှု ရှိစေရေးတို့အတွက် အထူးအလေးထား ဆောင်ရွက်ကြသွားကြစေလိုကြောင်း” တိုက်တွန်းအမှာစကားများပြေကြားပြီး ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော်ကိုဖွင့်လှစ်ပေးသည်။

ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်သည့် အားကစားအဖွဲ့များက တိုင်း​ဒေသကြီးဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးနောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာခဲ့ကြသည်။ ယင်းနောက် တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ကျောင်းသူလေးများ၏ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းနှင့် Fitness Danceများဖြင့် သရုပ်ပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးပညာရေးမှူးထံသို့ အားကစားပစ္စည်းများပေးအပ်ခဲ့ပြီးနောက် အမျိုးသားဘောလုံးပြိုင်ပွဲ ပထမအုပ်စုအဖွင့်ပွဲစဉ်အဖြစ် ခရိုင်အုပ်စု( ၄ )နှင့် ခရိုင်အုပ်စု( ၂ )တို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော်ကို ယခုလ(၂၀)ရက်နေ့မှ (၂၅)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အားကစားနည်း(၇)မျိုးအား ခရိုင်အုပ်စုအလိုက် ပြိုင်ပွဲဝင်အားကစားသမားပေါင်း(၆၇၂)ဦးက ပါဝင်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်းသိရသည်။

20-Nov-2023